ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲဆိုထားခြင်းကိစ္စ ဆုံးဖြတ်ချက် နီးကပ်လာချိန် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ နိုင်ငံတချို့နှင့် မီဒီယာများ၏ ထုတ်ပြန်ပြောဆိုမှုများကို အာဏာလု စစ်အုပ်စု၏ ရွေးတုအစိုးရက ယမန်နေ့ စက်တင်ဘာ ၃ ရက်တွင် တုံ့ပြန်ပယ်ချလိုက်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် အာဆာ (ARSA) အဖွဲ့၏ လုပ်ရပ်သာဖြစ်ပြီး မြန်မာနိုင်ငံတွင် “ရိုဟင်ဂျာ” ဆိုသော လူမျိုးအမည် မရှိသလို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လွဲမှားစွာ သုံးစွဲဖော်ပြနေမှုကိုလည်း ကန့်ကွက်ကြောင်း ရွေးတုအစိုးရက ဆိုထားသည်။
ရွေးတုအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် အာဆာအဖွဲ့၏ တစ်ပြိုင်နက်တည်း အကွက်ချ၍ ကြိုတင်စီစဉ် တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ကို နိုင်ငံတကာ၏ ပြောဆိုချက်များ၌ အသိအမှတ်ပြုရန် ပျက်ကွက်နေပြီး ၎င်းတို့ဘက်မှ တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။
ယင်းအပြင် ဝန်ထမ်းများနှင့် အပြစ်မဲ့ ပြည်သူများ အသက်ဆုံးရှုံး၍ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း ကမ္ဘာ့နိုင်ငံအချို့သည် အာဆာအဖွဲ့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လျစ်လျူရှုထားကာ အကြမ်းဖက်မှု အသွင်သဏ္ဍာန် အမျိုးမျိုးနှင့် လုပ်ရပ်များကို ရှုတ်ချသင့်ကြောင်း ရွေးတုအစိုးရက တုံ့ပြန်ထားသည်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသူများအား မြန်မာနိုင်ငံမှဟု စွပ်စွဲပြောဆိုချက်များအပေါ် ၎င်းတို့အနေဖြင့် စိုးရိမ်မကင်း ဖြစ်ရပြီး စိစစ်ပြီးသော နေရပ်စွန့်ခွာသူများ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အပါအဝင် မိတ်ဆွေနိုင်ငံများနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထိုတုံ့ပြန် ပယ်ချမှုသည် ၉ နှစ်ပြည့်တိုင် ရိုဟင်ဂျာများ တရားမျှတမှု ရရှိရေးအတွက် စောင့်ဆိုင်း နေရဆဲဖြစ်ပြီး လက်ရှိတွင်လည်း နှိပ်စက်ညှဉ်းပန်း ပိတ်ပင်ကန့်သတ်မှုများ ရင်ဆိုင် နေရသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အပါအဝင် နိုင်ငံတချို့က ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အလားတူ ICJ တရားရုံး၌ ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဖြင့် တရားစွဲဆို ရင်ဆိုင်နေရမှုသည်လည်း လာမည့် အောက်တိုဘာလတွင် စီရင်ဆုံးဖြတ်ချက် ထွက်လာဖွယ်ရှိသည်ဟု တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပြောဆိုထားရာ ယင်းအပေါ် စစ်အုပ်စုက ကြိုတင်ဝါဒဖြန့် တုံ့ပြန်ခြင်းဖြစ်ကြောင်း အကဲခတ်များက ထောက်ပြကြသည်။
ယခင် စစ်အာဏာမသိမ်းမီ ၂၀၁၉ ခုနှစ်မှစတင်၍ ICJ တရားရုံး၌ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းဖြစ်ပြီး မြန်မာစစ်အုပ်စု၏ စစ်ရေးကျူးလွန်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ ခုနစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။
(ဓာတ်ပုံ – လူမှုကွန်ရက်)