ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
အရှေ့အလယ်ပိုင်းရှိ မဟာမိတ်နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကို ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုရန်မှ ကာကွယ်ပေးဖို့ အမေရိကန်က အီရန်ကို ရင်ဆိုင်တိုက်ခိုက်နေတာလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါ တယ်။
အီရန်ဟာ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းဒေသကို ဖျက်ဆီးပြီးရင် ဥရောပနဲ့ အမေရိကန်ရှိ မြို့အချို့ ကို တိုက်ခိုက်လာမှာဖြစ်လို့ အခုလို လုပ်ဆောင်နေရတာဖြစ်ပြီး လက်ရှိမှာ အီရန်နဲ့ ပတ်သက်လို့ အမေရိ ကန်က အခြေအနေ ကောင်းမွန်နေတယ်လို့ ၎င်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒီထုတ်ဖော်ပြောဆိုချက်ဟာ တစ်လနီးပါး တိုက်ပွဲတွေ ငြိမ်သက်နေရာမှ စစ်ရေးတင်းမာမှုတွေ ပြန်လည်မြင့်တက်လာချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အီရန်နိုင်ငံ၊ လာရက်ခ်ကျွန်းပေါ်ရှိ ဒုံးပျံပစ်လွှတ်စင်တွေကို အမေရိ ကန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က ဂျော်ဒန်နဲ့ ယူအေအီးနိုင်ငံတွေကို ဒုံးကျည်တွေနဲ့ ပြန် လည်တိုက်ခိုက်ခဲ့ပါတယ်။
ကြာသပတေးနေ့မှာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကူဝိတ်နိုင်ငံမှာ လေကြောင်းရန်သတိပေး ဥဩသံတွေ ထွက်ပေါ်ခဲ့ပြီး ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ ပစ်ချခဲ့တယ်လို့ ကူဝိတ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဟော်မုဇ်ရေလက်ကြား ကျွန်းတစ်ကျွန်းပေါ်မှာရှိတဲ့ အီရန်ပစ်မှတ်တွေကို ရေမိုင်းထောင်ဖို့ စီစဉ် နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးတင်းမာမှုတွေ ပိုမိုမြင့် တက်လာခဲ့တာပါ။
အီရန်က အဆိုပါတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်စခန်း တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ အမေရိကန်က ကြားဖြတ်ပစ်ချခဲ့ပါတယ်။
အီရန်နျူကလီးယား အစီအစဉ်ကို တားဆီးနိုင်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကို အမေရိကန်က ထိန်းချုပ်ထားနိုင်ပြီလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
စစ်ရေးအခြေအနေတွေ ပြန်လည်တင်းမာလာမှုကြောင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး စစ်ပွဲ ကျယ်ပြန့်လာမှာကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးအရ အပြန်အလှန် လက်တုံ့ပြန်မှုတွေ ဆက်ရှိနေတာကြောင့် နယ်စပ်ဒေသအသီးသီးမှာ လုံခြုံရေးကို အမြင့်ဆုံးအဆင့် တိုးမြှင့်ထားပါတယ်။
ကိုးကား – TRT World
Ref; Trump says US fighting Iran to protect allies in Middle East, West