ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

 

နီပေါနိုင်ငံ၊ ခရိုင်သုံးခုအတွင်း လူနေအိမ်များ၊ တံတားများတိုက်စားခံရပြီး လူတစ်ထောင်ကျော်သေဆုံးရသော ရုတ်တရက်ရေကြီးမှု ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံများထံ တရားမျှတမှုနှင့် လျော်ကြေးတောင်းဆိုလိုက်သည်။

 

နီပေါနိုင်ငံအနေဖြင့် သံတမန်ရေးရာရပ်တည်ချက်ကို အကူအညီတောင်ခံခြင်းမှ တရားမျှတမှုနှင့် လျော်ကြေးတောင်းဆိုခြင်းဆီသို့ ပြောင်းလဲကျင့်သုံးနေကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီဆာခါနယ်ပြောကြားကြောင်း Asia News Network တွင်ဖော်ပြထားသည်။

ပြင်းထန်သောရုတ်တရက်ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကမ္ဘာကြီးပူနွေးမှုကို အဓိကဖန်တီးနေသော ဖန်လုံအိမ်ဓတ်ငွေ့အများဆုံးထုတ်လုပ်သည့် စက်မှုထွန်းကားသည့် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် နီပေါနိုင်ငံကိုလျော်ကြေးပေးသင့်ကြောင်းပါဝင်သည်။

 

“ကမ္ဘာ့ပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံးထုတ်လွှတ်တဲ့ နံပါတ်တစ်နိုင်ငံဖြစ်တဲ့ တရုတ်၊ နံပါတ်နှစ်ဖြစ်တဲ့ အမေရိကန်နဲ့ နံပါတ်သုံးဖြစ်တဲ့ အိန္ဒိယစတဲ့ စက်မှုလုပ်ငန်းကြီးထွန်းကားပြီး ဓာတ်ငွေ့အများဆုံးထုတ်လွှတ်နေတဲ့နိုင်ငံတွေအနေနဲ့ နီပေါလိုထိခိုက်လွယ်တဲ့နိုင်ငံတွေကို လျော်ကြေးပေးဖို့ သမိုင်းကြောင်းအရ တာဝန်ရှိပါတယ်” ဟု နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီဆာခါနယ်က ဆိုသည်။

 

နီပေါနိုင်ငံသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွင် အလွန်အမင်း အနည်းငယ်မျှသာ ပါဝင်ပတ်သက်၍ ကိုယ်တိုင်ဖန်တီးမှုမရှိသော ကမ္ဘာ့အကျပ်အတည်းကြီးအတွက် နေအိမ်အဆောက်များပျက်စီးကာ လူသေသည်အထိ ပေးဆပ်လိုက်ရကြောင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ ဖန်တီးမထားခဲ့တဲ့ ကမ္ဘာ့အကျပ်အတည်းတစ်ခုအတွက် အဆိုးရွားဆုံးနဲ့ အကြီးမားဆုံးတန်ဖိုးကို ပေးဆပ်နေရပါပြီ။ ရေခဲမြစ်တွေလျင်မြန်စွာ အရည်ပျော်ကျတာနဲ့ ဒီလိုတောင်ပေါ်ရေလှိုင်းဆူပွတ်မှုကြီးတွေ ဖြစ်ပေါ်လာတာဟာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုရဲ့ တိုက်ရိုက်ရလဒ်တွေပဲဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ရှီဆာခါနယ်က ဆက်လက်ပြောကြားသည်။

 

ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်နေ့တွင် နီပေါ – တိဘက်နယ်စပ် လန်တန်ဒေသရှိ ရေခဲမြစ်ပြိုကျပျက်စီးမှုနှင့်အတူ ရေခဲမြေသားစုပုံမျောပါလာမှုကနေတဆင့် ရေဖိအားကြီးသည် လန်ဒီခိုလာမြစ်အတွင်းဝင်ရောက်ပြီး ယင်းမှတဆင့် ဘိုတေကိုရှီမြစ်နှင့် ထရီဆူလီမြစ်အတွင်းဝင်ရောက်ခဲ့ကာ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၁,၁၂၇ ဦးရှိပြီး ခရီးသွားဧည်သည်များအပါအဝင် လူ ၃,၀၀၀ နီးပါးဆုံးနေကြောင်းသိရသည်။

 

လက်ရှိတွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

 

ဓာတ်ပုံ – နိုင်ငံတကာသတင်းဌာနများ
Ref ; Why Nepal wants China , Us and India to pay compensation for catastrophic floods