ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

 

တောင်ကိုရီးယားရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ရွေးတုအစိုးရအဖြစ် အသွင်ပြောင်းထားသည် အာဏာလု စစ်အုပ်စုအပေါ် တရားဝင်မှု ပေးနိုင်သည့် လုပ်ရပ်မျာကို ရှောင်ရှားရန်နှင့် ဒုက္ခသည်များအား အဓမ္မ ပြန်လည်ပို့ဆောင်ခြင်းမှ ကာကွယ်ပေးရန် ထိုင်းအစိုးရထံ တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာကို ဆိုးလ်မြို့ရှိ ထိုင်းသံရုံးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အိတ်ဖွင့်ပေးစာ ပေးပို့မှုနှင့် ဆန္ဒထုတ်ဖော်ပွဲများကို ဆိုးလ်မြို့ရှိ ထိုင်းသံရုံးအပြင် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့ရှိ ထိုင်းသံရုံးများရှေ့တွင်လည်း နိုင်ငံတကာရောက် မြန်မာလူထုက စက်တင်ဘာ ၂ ရက်တွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသည်။

တောင်းဆိုစာအတွင်း ထိုင်းနိုင်ငံက ဆယ်စုနှစ်များစွာ ကူညီပေးခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး အရပ်သားများအပေါ် ပြစ်မှုကျူးလွန်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံတို့ လတ်တလော ထိတွေ့ဆက်ဆံနေမှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ထောက်ပြထားသည်။

 

“မြန်မာပြည်သူတွေရဲ့ အသံကို ထိုင်းအစိုးရ တာဝန်ရှိသူတွေအနေနဲ့ သေချာ နားထောင်ဖို့ လိုပါတယ်။ ပြီးတော့ အာရှရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင် စစ်အုပ်စုကို လူရာမသွင်းမိဖို့ လိုပါတယ်။ အဲဒါပဲ ပြောချင်ပါတယ်” ဟု MFDMC အတွင်းရေးမှူး ကိုလင်းအိမ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံက ထုတ်ပြန်လိုက်သည့် ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ နည်းဥပဒေသစ်ကြောင့် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ခံရပါက ကြုံတွေ့ရနိုင်သည့် ဖိနှိပ်ချုပ်ချယ်မှု၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အဓမ္မ စစ်သားစုဆောင်းခံရမှု စသည့် အန္တရာယ်များကိုလည်း အိတ်ဖွင့်ပေးစာတွင် ရှင်းပြထားသည်။

 

အလားတူ ထိုင်းအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ထိတွေ့ဆက်ဆံရန်နှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက် ထောက်ခံသွားရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့