ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ စက်တင်ဘာ ၃ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တို့ကြား ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း ခရီးသည် တစ်ဦးလျှင် ကားခ ကျပ် နှစ်သိန်းအထိ ပေးရကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဖလမ်း – ကလေး လိုင်းကားများကို ဖလမ်းမြို့သိမ်း တိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက ရပ်နားထားရပြီးနောက် နှစ်နှစ်ကျော်ကြာ ဩဂုတ်လ ၂၅ ရက်နေ့မှစတင်၍ လိုင်းကားများ ပြန်လည်ပြေးဆွဲနေခြင်းဖြစ်သည်။
လက်ရှိတွင် ဖလမ်းသား၊ တောင်တန်းမြေ စသည့် လိုင်းကားများ တစ်ပတ်လျှင် နှစ်ကြိမ်ဖြင့် အင်္ဂါနှင့် သောကြာနေ့များတွင် ပြေးဆွဲနေကြောင်း သိရသည်။

“ဖလမ်းနဲ့ ကလေး လိုင်းကားကို တစ်ပတ်နှစ်ကြိမ် ပြေးဆွဲတယ်။ လူမပြည့်တဲ့ ရက်တွေဆို ကားမထွက်ပါဘူး။ လောလောဆယ် ဖလမ်းသားကားဂိတ်၊ တောင်တန်းမြေကားဂိတ်တွေ ထွက်ပါတယ် “ဟု ဖလမ်းမြို့ခံတစ်ဦး ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကားလိုင်းများ ပြန်လည်ပြေးဆွဲသော်လည်း သယ်ယူပို့ဆောင်ခနှုန်းထားမှာ အလွန်မြင့်မားနေပြီး ခရီးသည်တစ်ဦးလျှင် ကျပ် နှစ် သိန်းအပြင် ဆန်အိတ်နှင့် ပီနံအိတ်များအတွက် ပို့ဆောင်ခ ကျပ် နှစ် သောင်း မှ သုံးသောင်း အထိ ပေးဆောင်နေရသည်။
“ပြည်သူတွေက အခုလို လိုင်းကားတွေ ပြန်ပြေးဆွဲတော့ ဝမ်းသာရပေမဲ့လည်း ကားခတွေ၊ ဝန်ဆောင်ခတွေက အရင်ကထက် နှစ်ဆစျေးကြီးတော့ အခက်အခဲတွေရှိနေသေးတယ်”ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့သိမ်း တိုက်ပွဲများ မဖြစ်ပွားမီကာလက အဆိုပါလမ်းကြောင်းအတွက် ခရီးသည်တစ်ဦးလျှင် ကျပ် ရှစ် သောင်းနှင့် ကိုး သောင်းဝန်းကျင်သာ ကျသင့်ခဲ့သည်။