ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

 

အိန္ဒိယ-မြန်မာ နယ်စပ်မျဉ်း ၃၉၈ ကီလိုမီတာအနက် ကီလိုမီတာ ၅၅ ကို ခြံစည်းရိုးခတ်ပြီးပြီလို့ မဏိပူရ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး ဂိုဗင်ဒက်စ်ကွန်သိုဂျမ်က ဗုဒ္ဓဟူးနေ့ ပြည်နယ် လွှတ်တော်အစည်း အဝေးမှာ ပြောလိုက်ပါတယ်။

 

အိန္ဒိယနဲ့ မြန်မာကြား မြေနေရာ လဲလှယ်လုပ်ဖို့ အဆိုပြုထားတယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူတွေ စိုးရိမ်နေမှုအပေါ် ကွန်ဂရက်ပါတီ လွှတ်တော်အမတ် ရန်ဂျစ်ဆင်းဂ်ရဲ့ မေးမြန်းမှုကို ၎င်းက အခုလို ရှင်းပြခဲ့တာပါ။

 

မဏိပူရ်နယ်စပ် နယ်နိမိတ် မှတ်တိုင် အမှတ် ၃၂ မှ ၁၃၀ အထိ ၃၉၈ ကီလိုမီတာအနက် ကီလိုမီ တာ ၅၅ ကို ခြံစည်းရိုးခတ်ပြီးဖြစ်ကာ မောရေးဒေသက မှတ်တိုင် ၇၅ မှ ၇၉ အထိဟာ အထိခိုက်မခံနိုင်ဆုံး နယ်မြေဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ရတာ ခက်ခဲလို့ လုပ်ငန်းစဉ် ကြန့်ကြာရတာဖြစ်ပြီး ၂၀၂၈ ခုနှစ်မှာ နယ်စပ်ခြံစည်းရိုးခတ်တာကို အပြီးသတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ၎င်းက ဆက်ပြောပါ တယ်။

 

မြန်မာနိုင်ငံနဲ့ မြေနေရာ အလဲအလှယ်လုပ်မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြည်နယ်အစိုးရထံ တစ်စုံတစ်ရာ အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

 

ပြည်နယ်နယ်နိမိတ် ထိပါးလာမယ့် ဘယ်ကိစ္စကိုမဆို ပြည်သူတွေက လက်မခံဘူးဆိုတာကို နား လည်ထားပြီး ဗဟိုအစိုးရက ဆုံးဖြတ်ချက်မချခင်မှာ ပြည်သူတွေကို အသိပေးမယ်ပါလို့ ဂိုဗင်ဒက်စ်က ပြောပါတယ်။

 

နယ်စပ်မျဉ်း မလုံခြုံမှုကြောင့် လက်နက်၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် ဝင်ရောက်လာသူတွေရဲ့ ဒဏ်ကို မဏိပူရ်ပြည်နယ်အနေနဲ့ အလူးအလဲ ခံခဲ့ရတယ်လို့ ၎င်းက ဝန်ခံပါတယ်။

 

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဂျီရီဘမ်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပြန်ပေးဆွဲ သတ် ဖြတ်ခံရမှု၊ ထရွန်လာအိုဘီ ဗုံးခွဲခံရမှုနဲ့ နာဂတိုင်းရင်းသား ၄ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်ခံရမှုအပေါ် အ တိုက်အခံတွေက တရားမျှတမှုရရှိရေး မေးမြန်းခဲ့ပါတယ်။

 

ဒေသတွင်း ပဋိပက္ခတွေကြောင့် ကူကီး-ကသည်းနဲ့ ကူကီး-နာဂ မျိုးနွယ်စုတွေကြား ယုံကြည်မှု ကင်းမဲ့နေလို့ အမှုအများစုကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (NIA) ထံ လွှဲပြောင်းပေးခဲ့တယ်လို့ သူက ဆို ပါတယ်။

 

၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့ ပဋိပက္ခ စတင်ခဲ့ချိန်ကစလို့ အမှုပေါင်း ၉,၆၄၇ မှုကို မှတ်တမ်းတင် ထားပြီး အမှုပေါင်း ၃,၀၂၀ ကို စုံစမ်းစစ်ဆေးနေကာ အမှုအများအပြားကို NIA နဲ့ CBI တို့ဆီ လွှဲပြောင်းပေး ခဲ့တယ်လို့ ၎င်းက ရှင်းပြပါတယ်။

 

ကိုးကား – Hindustan Times
Ref; 55km Indo-Myanmar border fencing completed, says Manipur home minister