ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးအထိနာမှုများကို သိမည်ဆိုးသဖြင့် တပ်မိသားစုများအနေဖြင့် သတင်းတု၊ သတင်းမှားများ မဖတ်ရန် အွန်လိုင်းသုံးမှုအား စီမံကြပ်မတ်ရေး အာဏာသိမ်း ရွေးတုအစိုးရ၏ တပ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စည်းရုံးညွှန်ကြား ပြောဆိုသည်။

ရွေးတုအစိုးရ၏ တပ်ချုပ်သည် ၎င်းတို့စစ်ရုံးစိုက်ရာ နေပြည်တော်တွင် ယမန်နေ့ စက်တင်ဘာ ၂ ရက်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ထူးချွန်စွာ အောင်မြင်သည့် လက်အောက်ခံတပ်ဖွဲ့ဝင် သားသမီးများကို ဂုဏ်ပြုဆု ပေးအပ်ရာ ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“လူမှုကွန်ရက် ပလက်ဖောင်းမျိုးစုံကတစ်ဆင့် သတင်းတု၊ သတင်းမှားတွေ ဖတ်မိပြီး စိတ်အလိုလိုက်ကာ လွဲမှားတဲ့အယူအဆ အမှားတွေကတစ်ဆင့် လမ်းမှား၊ ဘဝပျက်ခဲ့ရတဲ့ လူငယ်တွေ ရှိနေတယ်” ဟု ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောသည်။

ယင်းအပြင် လူငယ်များ၏ လောကနီတိ ဖွံ့ဖြိုးမှု၊ လူငယ်များ၏ စွမ်းရည်မြင့်မားရေးဆိုင်ရာ လေ့လာမှုအပိုင်းများတွင်လည်း စိတ်ပါဝင်စားမှုနှင့် လိုက်နာမှုများ တစ်စတစ်စ လျော့ပါးလာသည့် အနာဂတ်အန္တရာယ်များကို တွေ့မြင်နေရဟု ဆိုထားကြောင်း ရွေးတုအစိုးရက ထုတ်ပြန်သည်။

ထို့ကြောင့် မိမိတို့၏ သားသမီးများ ဆိုရှယ်မီဒီယာ သုံးစွဲခြင်းကို စည်းကမ်းတကျ စီမံကြပ်မတ်ရန် ရွေးတုအစိုးရ၏ တပ်ချုပ်က ညွှန်ကြားပြီး ယင်းနေ့၌ပင် ရွှေကူမှ ဗန်းမော်သို့ ဆန်တက်လာသည့် စစ်သင်္ဘောများ တိုက်ခိုက်ခံရကာ (၅) စီး နစ်မြုပ်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ဧရာဝတီ ဒုတိယမြစ်ကျဉ်း ဇင်းဘုံရွာအနီးတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရွေးတုအစိုးရ၏ စစ်သင်္ဘောများ မီးလောင်နစ်မြုပ်၊ တိမ်းမှောက်သွားမှုသည် အွန်လိုင်းပေါ်၌ လူပြောများနေသည်။

အလားတူ သတင်းရုပ်သံများလည်း ပျံ့နှံ့လျက်ရှိပြီး တကျော့ပြန် ခုခံတော်လှန်မှုများ ပြင်းထန်လာချိန် စစ်ရှုံးအထိနာမှုများကို တပ်ဖွဲ့ဝင်နှင့် တပ်မိသားစုများ သိရှိနားလည်၍ စိတ်ဓာတ်ကျ၊ ဘက်ပြောင်းထွက်ပြေးမှု ပိုမိုမဖြစ်အောင် တားမြစ်စည်းရုံးခြင်းဖြစ်ဟု အကဲခတ်များက ဆိုသည်။

ဓာတ်ပုံ – MOI