ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

 

ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ပြီးခဲ့သည့်ဩဂုတ်လ တစ်လတာအတွင်း အရပ်သားသေဆုံးမှု ၉၄ ဦးအထိရှိခဲ့ပြီး နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခြင်းခံရသူ ၁၄ ဦးအထိရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထံကသိရသည်။

 

စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသည့်အရပ်သားများထဲတွင် ဖမ်းဆီးခံခဲ့ရပြီးမှ သေဆုံးခဲ့ရသည့် အရပ်သား ခုနှစ် ဦးအထိ ပါဝင်နေပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်လိုအပ်နေသည့် သေဆုံးသူ ၅၈ ဦးဝန်ကျင်ရှိနေကြောင်းလည်း သိရသည်။

 

အရပ်သားသေဆုံးမှုအများဆုံးမှာ စစ်တပ်၏ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး ၈၀ ဦးအထိသေဆုံးခဲ့ရကာ လက်နက်ကြီးထိမှန်မှုကြောင့် ငါး ဦး၊ သေနတ်ပစ်ခတ်ခံရမှုကြောင့် နှစ် ဦး၊ထောင်တွင်းကျန်းမာရေးပြသနာကြောင့် တစ်ဦးနှင့် အခြား ခြောက် ဦးတို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့က စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ‌ဒေသခံ ၁၆ ဦးသေဆုံးခဲ့ပြီး ဂွမြို့နယ်သို့လည်း ဩဂုတ် ၁၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံ ရှစ် ဦးသေဆုံးခဲ့သည်။

 

စစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများအပြင် ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ၊ ကျေးရွာနေအိမ်မီးရှို့ဖျက်ဆီးမှုများ၊ ဖမ်းဆီးညှင်းပန်းနှိပ်စက်မှုများ၊ စစ်ကြောင်းထိုးမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း AAPP က ထုတ်ပြန်သည်။

 

စစ်အုပ်စု၏ အာဏာသိမ်းကာလ ငါး နှစ်ကျော်ကြာကာလအတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်နေ့အထိကောက်ယူရရှိထားသည့်စာရင်းများအရ စစ်တပ်နှင့် ၎င်းတို့၏လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် အရပ်သားနှင့်ဒီမိုကရေစီအရေး လှုပ်ရှားသူပေါင်း ၈၃၃၃ ဦးရှိပြီဖြစ်ကြောင်း AAPP ကထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – အင်တာနက်