ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ရက်
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်၏ စစ်သင်္ဘောအုပ်စုသည် ဇင်းဘုံ-စင်ခန်း ဘက်မှ လွတ်မြောက်လာပြီးနောက် ယနေ့ စက်တင်ဘာ ၃ ရက်တွင် ဗန်းမော်မြို့နယ်အတွင်းရှိ မြစ်ကမ်းဘေး ကျေးရွာများအနီးသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များနှင့် ဒေသတွင်း သတင်းများအရ သိရသည်။
ရွှေကူဘက်မှ ဆန်တက်လာသည့် အဆိုပါ စစ်သင်္ဘော စစ်ကြောင်းကို ယမန်နေ့ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက ဇင်းဘုံကျေးရွာအနီး ဧရာဝတီ ဒုတိယမြစ်ကျဉ်း၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြင်း အထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်သင်္ဘော တစ် စီးမှာ လူအများအပြားနှင့်အတူ ရေထဲသို့ နစ်မြုပ်သွားခဲ့ပြီး အခြား တစ် စီးမှာလည်း ပျက်စီးခဲ့ရသည်။ ထို့အပြင် ကျန်ရှိသည့် စစ်သင်္ဘော နှစ် စီးမှာလည်း အလံဖြူထောင်ကာ လက်နက်ချခဲ့ရပြီး စစ်တပ် တပ်ဖွဲ့ဝင်အချို့ ရေထဲသို့ ခုန်ဆင်းထွက်ပြေးခဲ့ကြရသည်။
“မနေ့က စင်းခန်းကနေ လွတ်ထွက်လာတဲ့ သင်္ဘောတွေ ရေနီရွာသစ်မှာ ကမ်းကပ်ပြီး အခု ဗန်းမော်ထဲ ဝင်ရောက်သွားပါပြီ” ဟု ကချင် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလံဖြူထောင်ခဲ့သည့် သင်္ဘော နှစ် စင်းတွင် စစ်တပ် တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များ၊ ရဲနှင့် Non-CDM ဝန်ထမ်းများ ပါဝင်လာကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ အကြိမ် ၃၀ ထက်မနည်း အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အလံဖြူထောင် ကမ်းကပ်လာ သည့် စစ်တပ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို KIA က ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

ကျန်ရှိသည့် စစ်သင်္ဘောအုပ်စုသည် စင်ခန်းတံတားကို ကျော်လွန်ကာ ဗန်းမော်မြို့နှင့် မီတာ အနည်းငယ် သာ ကွာဝေးတော့သည့် ကံသာရွာအနီးသို့ ရောက်ရှိလာခဲ့သည်။ မြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် သင်္ဘော စုစုပေါင်း ၁၅ စီးခန့်အနက် ဧရာဝတီမြစ်ကြောင်းအတွင်း ရေယာဉ် ခုနစ် စီးအထိ ပါဝင်လာရာ ခြောက် စီးမှာ ဗန်းမော်ဘက်သို့ ဝင်ရောက်လာပြီး ကျန် တစ် စီးမှာမူ သောင်တင်ကျန်ရစ်ခဲ့သည်။
လက်ရှိတွင် စစ်တပ်ဘက်မှ လမ်းကြောင်းရှင်းလင်းရေးအတွက် Y-12 လေယာဉ်ဖြင့် မြစ်၏ အရှေ့ကမ်း နှင့် အနောက်ကမ်းရှိ လက်ပန်တန်း၊ ကံသာ၊ ညောင်ပင်သာနှင့် ကုန်းမဟတ်ရွာ အစရှိသည့် ကမ်းဘေး ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ – Lung Jung LA N
ပုံစာ – ဗန်းမော်သို့ ကပ်လာသည့် စစ်တပ်၏ သင်္ဘောများကို တွေ့ရစဉ်။