ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၃ ရက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ကားတစ်စီးအား စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိပေးဘဲ မောင်းပြေးသွားသဖြင့် ရွေးတုအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့က ဘယ်ရီဂိတ်များဖြင့် ပိတ်ဆို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက် ည ၇ နာရီခန့်က တောင်ငူမြို့၊ အမှတ် (၁၈) ရပ်ကွက်၊ ကြာနီကန်ထိပ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ဇီးဒိုင်းကျေးရွာအုပ်စု၊ ဇောတိကျေးရွာနေ လင်းထက်ဖြိုး (ခ) ကိုလင်း မောင်းနှင်လာသည့် WISH အဖြူရောင် 4I/8881 ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ရပ်တန်ပေးခြင်းမရှိဘဲ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ကေတုမတီမြို့သစ်ဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မောင်းနှင်ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က နောက်မှ ထပ်ချပ်မခွာ လိုက်လံပြီး ကျွန်းကုန်းနယ်မြေ ရဲစခန်းသို့ ကြိုတင်အကြောင်းကြားကာ လမ်းကြောင်းအတွင်း ဘယ်ရီဂိတ်များချ၍ ပိတ်ဆို့ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်အား ပိတ်ဆို့ဖမ်းဆီးရမိပြီးနောက် အသေးစိတ် ရှာဖွေခဲ့ရာ ကားအောက်ပိုင်းတွင် အံဝှက် ပြုလုပ်၍ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀၊ ကားတံခါး အံခွက်အတွင်းမှ ဆင်းကတ်များနှင့် ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ် ၁၁၀,၀၀၀ တို့အား သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ လင်းထက်ဖြိုး (ခ) ကိုလင်း အား တောင်ငူ မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) / ၂၀ (က) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တောင်ငူမြို့တွင် လတ်တလော မူးယစ်ဆေးဝါးများ အဆမတန် ပေါများနေပြီး KTV ၊ မာဆတ်နှင့် လောင်း ကစားရုံများ၌ မူးယစ်ဆေးများ အလွယ်တကူ ရရှိနေသဖြင့် မြို့ခံလူငယ် ထက်ဝက်ခန့်မှာ မူးယစ်ဆေးဝါး သားကောင်များ ဖြစ်နေကြကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ-ရဲတပ်ဖွဲ့