ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ရှိ ငဝန်တာနှင့် ညောင်တုန်းမြို့ရှိ ညောင်တုန်းတာ မြစ်ရေတိုက်စားမှုကြောင့် တာမြေသားပြိုကျသွားသည့်နေရာကို လက်ရှိပြုပြင်နေဆဲချိန်တွင် ယင်းတာများ၏ အခြားနေရာတွင် တာမြေသားပြိုကျမှု ထပ်မံဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

 

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကိုပြုပြင်ဖာထေးနေဆဲအချိန်တွင် ယင်းတာ၏ မိုင် ၂၀၀/ ၀ ဖာလုံတွင် ယနေ့ စက်တင်ဘာ ၃ ရက်တွင် ပေ ၂၀၀ ခန့် မြေသားပြိုကျမှုထပ်မံဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

ညောင်တုန်းတာနေရာတွင်လည်း တာမိုင် ၁၁/ ၅ နှင့် ၁၁/ ၆ ကြားတွင် အလျားပေ ၃၅၀ ခန့် တာကိုယ်ထည် မြေသားပြိုကျမှုထပ်မံဖြစ်ပေါ်နေသည်ဟုဆိုသည်။

ရွေးတုသမ္မတမင်းအောင်လှိုင်သည် ညောင်တုန်းတာပြုပြင်မှုကို သွားရောက်ကြည့်ရှုပြီးနောက်ပိုင်းတွင် မြေသားတာများ တဖြေဖြေးအိကျလာရာ၌ ယခုလိုအကြီးစားထပ်မံပြိုကျသွားခြင်းဖြစ်ကြောင်းသိရသည်။

 

လက်ရှိငဝန်တာထပ်မံပြိုသွားသည့်နေရာ၌ မြစ်ရေဝင်ရောက်မှုမရှိစေရန်အတွက် သဲအိတ်ဖို့ခြင်း၊ ဝါးတုတ်ရိုက်ခြင်းတို့ဆောင်ရွက်နေကြသည်။

 

ငဝန်တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့အပါအဝင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော် နှင့် ကျောင်းကုန်းမြို့နယ်များ ရေလွှမ်းမိုးခံရမှုကြောင့် ဒေသခံများရေဘေးတိမ်းရှောင်နေရဆဲဖြစ်ကာ ယခုလိုထပ်မံတာပြိုကျမှုကြောင့် ရေကြီးမည်ကိုစိုးရိမ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ရေကြီးလို့စပါး လေး ဧက ပျက်စီးသွားပြီ။ ဘာလုပ်ရမလဲမသိသေးဘူး။ ရေနည်းနည်းကျသွားလို့ အိမ်ကိုပြန်လာတာကြည့်တာ။ အိမ်ကြမ်းခင်းနဲ့ ရေလွတ်ရုံပဲရှိသေးတယ်။ နေဖို့တော့သိပ်အဆင်မပြေသေးဘူး ” ဟု လေးမျက်နှာဒေသခံတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်မှစတင်ဖြစ်ပေါ်ကာတစ်လကျော်ကြာပြီဖြစ်သော လေးမျက်နှာမြို့ရှိ ငဝန်မြစ်ရေကာတာနှင့် ပန်းတာကျိုးပေါက်မှုကြောင့် မြို့နယ် ခြောက်မြို့နယ် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ လူသိန်းနှင့်ချီရေဘေးသင့်ကာ စပါးခင်းအများအပြားပျက်စီးကြောင်း သိရသည်။

 

“ငဝန်မြစ်ရေဟာ ရေဆင်းအားလမ်းကြောင်းမှာ ငါးသိုင်းချောင်း – ရန်ကုန်ကြားက ပုသိမ် – မုံရွာလမ်းက ရေတားသလိုဖြစ်နေလို့ ရေကြီးရေလျှံတဲ့‌ရေတွေက ဒါးကမြစ်ထဲဝင်နိုင်သလောက် စီးဝင်ပြီး ရေလွှမ်းလွင်ပြင် ( flood plain) ထဲက ရေတွေကအနိမ့်ကွင်းထံမှာဝပ်နေရတယ်။ ဒုတိယရေမြစ်ရေကြီးတာ မဖြစ်ခင်

 

တာကျိုးပိတ်တဲ့နေရာမှာ အားထည့်နေသလို ရေဆင်းအားကောင်းဖို့ ဒါးကမြစ်တစ်ခုထဲပဲ အားကိုးမလား။ ကားလမ်းကို ရေဆင်းကောင်းအောင်လုပ်မလား တွတ်ချက်ရမယ်လို့ ” Psc Myanmar Off -Road လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

 

ဓာတ်ပုံ – MFS