‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၃ရက်

‎ရခိုင်ပြည်နယ်၊ ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့များနှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ပင်လယ်ပြင်၌ တပ်စွဲထားသည့် စစ်တပ်၏ စစ်သင်္ဘောများပေါ်မှ ရေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် အထူးသတိထားကြရန် အာရက္ခတပ်တော် (AA) သတင်းနှင့် ပြန်ကြားရေးက ယနေ့ စက်တင်ဘာလ ၃ ရက်တွင် အရေးပေါ် သတိပေးထုတ်ပြန်လိုက်သည်။

‎ယနေ့ နံနက် ၁၁ နာရီ ၂ မိနစ်ခန့်မှစတင်၍ ပင်လယ်ပြင်ရှိ စစ်တပ် စစ်သင်္ဘောများပေါ်မှ အဆိုပါ မြို့များနှင့် အနီးပတ်ဝန်းကျင်သို့ ရေကြောင်းမှ စတင် ပစ်ခတ်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်ကလည်း ရွှေသောင်ယံအနီး ပင်လယ်ပြင်သို့ စစ်တပ်၏ စစ်သင်္ဘော ၁၀ စီးခန့် ရောက်ရှိ ကင်းပတ်မှုများ ရှိခဲ့သည့်အပြင် ဂွနှင့် ကျိန္တလီမြို့များအနီး ပင်လယ်ပြင်တွင်လည်း စစ်သင်္ဘော ခြောက် စီးမှ ၁၀ စီးခန့်အထိ အခြေချ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။


‎အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဟု အာရက္ခတပ်တော် (AA) က ပြောကြားထားသည်။

ထို့အပြင် ရခိုင်ဒေသ၏ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ သုံး မြို့အစပ်ကြား ပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော ကွမ်းတောင်ရွာ၊ ကုန်းတန်းကြိမ်ချောင်းရွာ၊ မက္ကလာကျရွာ၊ ညိုရောင် နှင့် မင်းလှရွာအကြား၊ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းရှိကြက်ရိုးဆိပ်ရွာနှင့် ညောင်ပင်ကြီး (မူဆလင်ရွာ) အကြား၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းရှိကြက်ရိုးဆိပ်ရွာနှင့် ညောင်ပင်ကြီး (ရခိုင်ရွာ) အကြား၊အစရှိသည့် ကျေးရွာများအတွင်းသို့ ယနေ့ စက်တင်ဘာ ၃ ရက်၊ နေ့လယ် ၁ နာရီ ၃၅မိနစ်ခန့်မှ စတင်ပြီး စစ်တပ်မှ ဂျက်တိုက်လေယာဉ် လေးစီးဖြင့် အကြိမ် (၃၀) ခန့် အား မိနစ်(၃၀) အတွင်းလှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် ရခိုင်ဒေသရှိ မိဘပြည်သူများအနေဖြင့် စစ်တပ်၏ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှု အန္တရာယ်များကို အထူးဂရုစိုက် သတိထားကြပါရန် AA သတင်းနှင့် ပြန်ကြားရေးက အသိပေးထားသည်။