ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီး ဆိပ်ကမ်းသို့ ရွေးတုအစိုးရစစ်တပ်၏ ရေယာဉ်တစ်စီး ယခု ရက်ပိုင်းအတွင်း ဆိုက်ကပ်လာခဲ့ပြီး အင်အားဖြည့်တင်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်သည် ပြီးခဲ့သည့် ဩဂုတ် ၃၀မတိုင်ခင်က ရန်ကုန်မှ ထွက်ခွါသွားခဲ့ခြင်းဖြစ်သည်။ထို့နောက် တဇောင်းရိုး၊ စက်ဒေါင့်ကြီး လမ်းအတိုင်း အင်အားအပြည့် တင်ဆောင်ထားသည့် စစ်တပ်၏ မော်တော်ယာဉ် သုံး စီး ရောက်ရှိလာခဲ့ပြီး ကမ်းပါးကြီးသို့ စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သည်။
”ရေကြည်အစပ်ဘက်တိုက်ပွဲတွေကနေ ဒဏ်ရာရနဲ့ သေဆုံးတွေကို ရေလမ်းကနေခေါ်တာလည်း ရှိတယ်။ ကားတွေနဲ့ သယ်လာပြီး စက်ဒေါင့်ကြီးရောက်မှ ယာဉ်ပြောင်းသယ်တာလည်းရှိတယ်။ ကမ်းနီ၊ ပုသိမ်ကြိုးတံတားကနေ ကားတွေဖြတ်နေတာ မြင်နေရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကို ပြောသည်။
စစ်သုံးကားများနှင့်ပါလာသူများကို လာရောက်ခေါ်ယူသည့်စစ်ရေယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ဒဏ်ရာရစစ်သားများနှင့် သေဆုံးသူများကိုမူ မော်တော်ယာဉ် သုံး စီးဖြင့် ပုသိမ်တပ်နယ်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် ရေကြည်နှင့် ငါးသိုင်းချောင်း မြို့နယ်များဘက်မှ ဒဏ်ရာရလူနာများ ကိုလည်း ရေလမ်းကြောင်းမှတစ်ဆင့် ဆက်လက်ပို့ဆောင်ပေးနေခြင်းဖြစ်သည်။
စက်ဒေါင့်ကြီးတွင် ဒဏ်ရာရလူနာများနှင့် အလောင်းများ တင်ဆောင်ရန်အတွက် မော်တော်ယာဉ် အလွတ်များကို ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့ကတည်းက ကြိုတင်လွှတ်ပေးထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် ဒဏ်ရာရစစ်တပ် တပ်ဖွဲ့ဝင်များနှင့် အလောင်းများကို ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးစလုံးအသုံးပြု၍ သယ်ယူနေပြီး ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အတွင်းသို့ ပို့ဆောင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ-ရွေးတုအစိုးရတက်ဖွဲ့ဝင်များ(ပုံဟောင်း)