ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

 

မိုးရာသီအစပိုင်းတွင်ပင် ရန်ကုန်တိုင်းအတွင်း နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့၌ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မြေညီထပ်နေအိမ်များ၊ ဈေးဆိုင်များနှင့် ကွန်ဒိုမြေအောက်ခန်းများအတွင်း ရေဝင်ရောက်ကာ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

 

ရန်ကုန်မြို့အတွင်းရှိ အလုံ၊ စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ လှိုင်၊ ကမာရွတ်၊ ရွှေပြည်သာနှင့် လှိုင်သာယာ မြို့နယ်တို့တွင် မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ရေမြောင်းများ ပိတ်ဆို့နေမှုကြောင့် ရုတ်တရက် ရေလျှံတက်လာခြင်း ဖြစ်သည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ မြေညီထပ်နေအိမ်များအတွင်းသို့ ပေါင်ရင်းခန့်အထိ ရေစီးသန်သန်ဖြင့် ဝင်ရောက်ခဲ့သလို ဆီဆုံလမ်းရှိ ဆန်ဆိုင်တစ်ဆိုင်အတွင်း ရေဝင်မှုကြောင့် ဆန်အိတ် ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

“စမ်းချောင်းမြို့နယ်ထဲက မြေညီထပ်အခန်းတွေထဲကို ရေရောက်တာ ပေါင်အရင်းလောက်ရှိတယ်။ ရေအားလည်းသန်တယ်။ မနေ့ တစ်ညထဲရွာတဲ့မိုးက တော်တော်သည်းတယ်။ တော်တော်ရေကြီး သွားတယ်” ဟု စမ်းချောင်းမြို့နယ် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းနှင့် ပျဉ်းမပင်လမ်းထောင့်ရှိ Yangon River View Condo ၏ မြေအောက်ကားပါကင်အတွင်းသို့ မြောင်းရေများ အရှိန်အဟုန်ဖြင့် လျှံတက်ဝင်ရောက်ခဲ့သဖြင့် လူမှုကူညီရေးအဖွဲ့များက မီးသတ်ရေစုပ်စက်များဖြင့် အရေးပေါ် မီးငြှိမ်းသတ်ရေစုပ်ထုတ်ခဲ့ရကြောင်း အနာဂတ်အလင်းတန်းလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသော်လည်း စည်ပင်သာယာအနေဖြင့် ရပ်ကွက်တွင်းနှင့် နောက်ဖေးလမ်းကြား ရေမြောင်းပိတ်ဆို့မှုများကို စနစ်တကျ ရှင်းလင်းပေးနိုင်ခြင်း မရှိ၍ယခုလို မိုးဦးအစမှာပင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

 

ရန်ကုန်မြို့အတွင်း အလုံ၊ စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ လှိုင်၊ ကမာရွတ်၊ ရွှေပြည်သာ၊ လှိုင်သာယာတို့တွင် မိုးကြီးကာ မိုးကြိုးပစ်ခြင်းများရှိပြီး ရန်ကုန်တိုင်းတွင် လာမည့်နှစ်ရက်အတွင်း နေရာကွက်၍ မိုးကြီး မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

 

ဓာတ်ပုံ – အနာဂတ်အလင်းတန်း၊ လူမှုကွန်ရက်