‎ဧရာဝတီတိုင်းမ်
‎ဇွန် ၅ရက်

‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးကျေးရွာကို ရွေးတုအစိုးရစစ်တပ်က စစ်လက်နက်နှင့် ခဲယမ်းများ၊ စစ်ကူများပါသည့် စစ်ယာဉ်တန်းများဖြင့် အင်အားဖြည့်လာကြောင်း သိရသည်။

‎စက်ဒေါင့်ကြီးကျေးရွာကို ယမန်နေ့ ဇွန် ၄ရက်နှင့် ဇွန် ၃ရက်နေ့တို့တွင် စစ်သုံးကားကြီး ၁၅ စီးပါ ယာဉ်တန်းများ ဝင်ရောက်လာကြပြီး လက်နက်၊ ခဲယမ်းများကို သယ်ဆောင်ကာ စစ်ကြောင်းများ တပ်ဖြန့်ထားသည့် ဘုရား ကြီးဘက်ကို ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

‎”စက်ဒေါင့်ကြီးကို ခဲယမ်းပါကားနှစ်စီးအပါအဝင် ကား ခြောက်စီးအရင်ရောက်တယ်။ အခုထပ်ပို့ တာနဲ့ဆို ၁၅စီးပေါ့။ ရေကြည်လို့ပြောပြီး ခေါ်လာပုံရတယ်။ ကားပေါ်ပါတဲ့သူတွေက ရေကြည် ဘယ်ဘက်မှာလဲ မေးတာရှိတယ်။ တောဘက်ကိုဆက်တက်မယ့် လက္ခဏာရှိတယ်။ ဓားပါတဲ့ ဘက်တွေပါ ပါလာကြတယ်” ဟု သာပေါင်းဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎သာပေါင်းနှင့် ရေကြည်အစပ်ကို တပ်ဖြန့်နေသည့် စစ်တပ်စစ်ကြောင်းများနှင့် အာရက္ခတပ်တော် (AA) အပါ အဝင် ဒေသကာကွယ် ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စခန်းများ လက်လွှတ်ခဲ့ရသည့် ကြောင်လျှာကျေးရွာ ၏ အနောက်ဘက် သော်ကပင်စခန်းတွင် စစ်တပ်က အခြေစိုက်နေကြောင်း သိရသည်။

စစ်တပ်သည် ‎ပုသိမ်မြစ် (ငဝန်မြစ်) အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် တပ်ဖြန့်နေရာယူထားပြီး မရမ်းချို၊ ညောင်မှော်သောင်တန်း၊ ရွှေရင်မျှော်၊ ဝါးတောကွင်းဘက်ကိုပါ ဒေသခံများ၏ ဆိုင်ကယ်များဖြင့် ကင်းပုန်းဝပ်ခြင်းနှင့် နယ်မြေစစ်ဆေးရေး လုပ်ဆောင်လျက်ရှိသည်။

ရွေးတုအစိုးရ‎စစ်တပ်သည် ထိခိုက်ဒဏ်ရာရရှိထားသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဆိုင်ကယ်များ၊ နွားလှည်းများနှင့် သယ်ယူလာပြီး ထိုမှတဆင့် စစ်သုံးကားကြီးများ၊ စစ်ရေယာဉ်များဖြင့် ခွဲ၍ ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ခေါ်ဆောင်နေသည်။

‎ထို့အပြင် ငဝန်မြစ်အတွင်း ရွှေရောင်ချကျေးရွာနှင့် ဘုရားကြီးကြားတွင် ဇက်ရေယာဉ်ပေါ် လက်နက် ကြီးတင်ဆောင်လှည့် လည်နေကာ စစ်ရေယာဉ်များပါရောက်ရှိနေကြောင်း သိရသည်။

ပုံစာ-စစ်အုပ်စုယာဉ်တန်း(ပုံဟောင်း)