ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများတည်ငြိမ်ရေးအတွက်ဟုဆိုကာ ဒီဇယ်ဆီ ( 500 ppm) အပေါ် ကောက်ခံနေသော အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုရန် ယခုကျင်းပနေသည့် ရွေးတုလွှတ်တော်တွင် တင်သွင်းကြောင်းသိရသည်။
ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်၊ ယန္တရားများနှင့် ကုန်ထုတ်လုပ်ငန်းများတွင်အဓိကသုံးသော ဒီဇယ်ဆီ HSD ( 500 ppm) အပေါ်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ရွေးတုအစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က တင်သွင်းခြင်းဖြစ်သည်။
လက်ရှိစက်သုံးဆီဝယ်ယူခွင့်စနစ်အပါအဝင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် အခြေခံစားသောက်ကုန်များ ဈေးတက်ခြင်း၊ ခရီးသွားလာစရိတ်ကြီးခြင်း၊ သယ်ယူပို့ဆောင်စရိတ်မြင့်တက်ခြင်းတို့ ကြောင့် ကုန်ကျစရိတ်ပိုများကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

“အခုတော့စက်သုံးဆီဝယ်လို့ရတယ်။ သိပ်တန်းမစီးရဘူး။ ဒါပေမဲ့ရတဲ့ခွဲတမ်းက ဆီမလုံလောက်ဘူး။ အပြင်ကနေဂါလံနဲ့ပြန်ဝယ်ရတယ်။ စုံ/မ စနစ်ခွဲထားလို့ အလုပ်တွေမတွင်ဘူး။ စရိတ်ပိုကုန်တယ်။ အဆင်မပြေဘူးပေါ့” ဟု ကုန်ရောင်း/ကုန်ဝယ်လုပ်သူ ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
ထို့ပြင် ရွေးတုအစိုးရက ဒီဇယ်ဆီ HSD(500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခြင်းကြောင့် လျော့နည်းသွားမည့် အခွန်ငွေများကိုလည်း ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်ခြင်းဖြင့် အခွန်များကို ပိုမိုကောက်ခံရရှိအောင်ဆောင်ရွက်သွားမည်ဟုဆိုသည်။
ယခင်ကလည်း စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက်ဟုဆိုကာ ဒေါ်လာများထုတ်ရောင်းခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များက ကိုယ်ကျိုးရှာမှုကြောင့် ပြည်သူများမခံစားရပဲ စက်သုံးဆီ လုပ်ငန်းရှင်များသာ ပိုချမ်းသာလာခဲ့ကြသည်။
ပြီးခဲ့သည့် မေ ၃၀ ရက်တွင် ရွေးတုအစိုးရလက်အောက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈၁ သန်းရောင်းချပေးထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်