ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

 

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)က ၎င်းတို့ အနေဖြင့် သဘာဝအမွေအနှစ်များ၊ ဘိုးဘွားပိုင်မြေများနှင့် ပတ်ဝန်းကျင်အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ဂေဟစနစ်များနှင့် ရေလမ်းကြောင်းများကိုလည်း ကာကွယ်သွားမည်ဟု ယနေ့ ဇွန် ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

IEC နှင့် KNU အနေဖြင့် လူထုစိုးရိမ်မှုမြင့်မားလာသည့် မြစ်များနှင့်ရေလမ်းကြောင်းများ၏ ရေညစ် ညမ်းမှု အစီရင်ခံစာများအပြင့် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် အခြားထုတ်လုပ်ရေး လုပ်ငန်းများနှင့် ဆက်စပ်နေသည့် နယ်စပ်ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများအပေါ်ကိုလည်း အနီးကပ်စောင့်ကြည့် နေကြောင်း ပြောဆိုထားသည်။

 

အရင်းအမြစ်များကို စနစ်တကျတူးဖော်ထုတ်ယူခြင်းမရှိခြင်း နှင့် ပတ်ဝန်းကျင်သို့ ညစ်ညမ်းစွန့်ပစ် ပစ္စည်းများ စွန့်ပစ်ခြင်းသည် စားနပ်ရိက္ခာဖူလုံရေး၊ ပြည်သူ့ကျန်းမာရေး၊ ဒေသခံအသက်မွေး ဝမ်းကျောင်းမှု၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် မြစ်များ၏ ဂေဟစနစ်တည်တံ့ခိုင်မြဲရေးတို့အတွက် ပြင်းထန် သည့်အန္တရာယ်များ ဖြစ်စေနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် IEC နှင့် KNU တို့အနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်ရာဒေသများအတွင်း သတ္တုတူးဖော်ရေး၊ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုနှင့်ဆက်စပ်သည့် အုပ်ချုပ်မှုဆိုင်ရာမူဝါဒများကို မြှင့်တင်မည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ကော့ဒ်မြစ်၊ သံလွင်မြစ်နှင့် အခြားနယ်စပ်ဖြတ်ကျော် ရေလမ်းကြောင်းများကို ထိခိုက်နေသည့် ပတ်ဝန်း ကျင်ဆိုင်ရာစိန်ခေါ်မှုများနှင့် ပတ်သက်သည့် ပြည်သူများ၏စိုးရိမ်ပူပန်မှုကိုလည်း အလေးထားပြီးသတ္တုတူးဖော်မှုများကြောင့် ရေညစ်ညမ်းမှုမှာ မူလဒေသများထက် ကျော်လွန်၍ မြစ်အောက်ပိုင်းရှိ ရပ်ရွာများမှ ဂေဟစနစ်များကိုပါထိခိုက်စေနိုင်ကြောင်း ၎င်းတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ပြင် KNU နှင့် IEC တို့အနေဖြင့် ရေအရင်းအမြစ်များကို ထိခိုက်နေသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကို ပြည်သူလူထုမှ ပိုမိုနားလည်သဘောပေါက်လာစေရန်အတွက် ဒေသခံ CSOs များ၊ လူမှုအဖွဲ့အစည်းများ၊ သုတေသီများနှင့် နည်းပညာကျွမ်းကျင်သူများက လုပ်ဆောင်မည့် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များကို ပံ့ပိုးကူညီရန်အသင့်ရှိနေကြောင်းလည်း ပြောကြားထားသည်။

 

ကရင်နီဒေကို ဖြတ်သန်းစီးဆင်းနေကာ ကော်သူးလေနယ်စပ်နှင့်ပါ ထိစပ်နေသည့် သံလွင်မြစ်ရေကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဓာတ်ခွဲစစ်ဆေးခဲ့ရာ အန္တရာယ်ဖြစ်စေနိုင်သည့် အာဆင်းနစ်အဆိပ်ပါဝင်မှုများရှိနေကြောင်းလည်း IEC ကထုတ်ပြန်ထားသည်။

 

KNU နှင့် IEC တို့က ထိုသို့ ထုတ်ပြန်ထားသော်လည်း ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြစ်ချောင်း များတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် မြစ်ရေအဆိပ်သင့်မှုများဖြစ်ပွား လျက်ရှိသည်။ ထို့ပြင် ကရင်နီဒေသရှိ သံလွင်မြစ်နှင့်မိုလိုချောင်းရေမှာလည်း အာဆင်းနစ်အဆိပ်ပါဝင်မှုမြင့်မားနေသော်လည်း ကရင်နီဒေသတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်လာလျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်