ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်
ရွေးတုအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေး မည်ဟု ကြေညာထားသော်လည်း မြေပြင်တွင်မူ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်၌ ၎င်းတို့နှင့်အတူ ပူးပေါင်းကာ EROs နှင့် PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက် ပေးနေသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ပထမဆုံးတွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုကို နေပြည်တော်တွင် ယမန်နေ့ ဇွန် ၄ ရက်က ပြုလုပ်ခဲ့ပြီး ရှမ်းနီ အမျိုးသားများညီညွတ်ရေးအဖွဲ့နှင့် ရွေးတုအစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တက်ရောက်ကြကြောင်း သိရသည်။
ရှမ်းနီတပ်ဘက်မှ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့သည် ရွေးတုအစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားမှုကို ပူးပေါင်းပါဝင် ဆွေးနွေးလို၍ ပထမဆုံးလာရောက် တွေ့ဆုံခြင်းဖြစ်ပြီး နိုင်ငံရေး၊ ဒေသဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် ရှမ်းနီတပ်နှင့် ၎င်းတို့တပ်အကြား စစ်ရေး၊ လုံခြုံရေး ပူးပေါင်းမှုအပါအဝင် ကချင်ပြည်၊ စစ်ကိုင်း တိုင်းအတွင်း နယ်မြေအခြေအနေများအရ ကြုံတွေ့နေရသော လိုအပ်ချက်များ၊ ရှမ်းနီတိုင်းရင်းသားများ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိလိုမှုများ ပါဝင်ကြောင်း သိရသည်။
ရွေးတုအစိုးရကမူ အစပိုင်းတွင် ရှမ်းနီတပ်ကို ERO တစ်ဖွဲ့အဖြစ် အသိအမှတ်မပြုဘဲ လက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့ ဖွဲ့စည်းရန်သာ ဖိအားပေး တိုက်တွန်းထားရာ ယခုရက် ၁၀၀ စီမံချက်အတွင်း ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်မှုအပေါ် အဓိကသက်ဆိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့(EROs) များက ငြင်းဆိုထားသောကြောင့် ဝါဒဖြန့်မှုအနေဖြင့် လက်ခံတွေ့ခြင်းဖြစ်ဟု အကဲခတ်များက ဆိုသည်။
ဓာတ်ပုံ-MOI