ဧရာဝတီတိုင်းမ်
ဇွန် ၅ ရက်

 

ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် အတွင်း နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံမှ ၅ ဘီလီယံအထိ တိုးမြှင့်ရန် မျှော်မှန်းထားကြောင်း မွန်ဘိုင်းမြို့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

 

ရွေးတုသမ္မတ နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့ နံနက်ပိုင်းက မွန်ဘိုင်းမြို့ရှိ The Taj Mahal Palace ဟိုတယ်၌ ကျင်းပခဲ့သော မြန်မာ-အိန္ဒိယ စီးပွားရေးဆွေး နွေးပွဲတွင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် အိန္ဒိယလုပ်ငန်းရှင်များကို အကြိမ်ကြိမ် ဆွေးနွေးစည်းရုံးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂ ဘီလီယံဝန်းကျင်သာ ရှိနေသဖြင့် အိန္ဒိယ ဝန်ကြီး ချုပ် နာရင်ဒြာမိုဒီနှင့် တွေ့ဆုံချိန်တွင် ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထိုမှ တစ်ဆင့် ရေရှည်တွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ တိုးမြှင့်သွားရန် ရည်မှန်းထားပြီး ငွေပေးချေမှုအခက်အခဲများကို ကျော်လွှားရန် ကျပ်-ရူပီး တိုက်ရိုက်ပေးချေမှုစနစ်ကို အကောင်အထည် ဖော်ရန်
ဆွေးနွေးခဲ့သည်ဟု ရွေးတုသမ္မတက ဦးမင်းအောင်လှိုင်က ဆိုသည်။

 

ရွေးတုသမ္မတ၏ အိန္ဒိယခရီးစဉ်တွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ ပါဝင်သည့် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့များ လိုက်ပါသွားခဲ့သည်။

 

အဆိုပါခရီးစဉ်အတွင်း အိန္ဒိယဘက်က သံနှင့်သံမဏိ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီနှင့် ဆိုလာ ပစ္စည်းများကို ပိုမိုတင်သွင်းရန်နှင့် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လာရောက်ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ရွေးတုသမ္မတသည် အိန္ဒိယနှင့် စိးပွားရေးအရ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း မြေပြင် ပကတိအခြေ အနေတွင်မူ အိန္ဒိယ-မြန်မာ အဓိက နယ်စပ်ကုန်သွယ်ရေးမြို့များဖြစ်သည့် စစ်ကိုင်းတိုင်း အတွင်းရှိ ကုန်သွယ်ရေး လမ်းမကြီးအများစုကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ (ERO) နှင့် PDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားကြောင်း သိရသည်။

 

ထို့အတူ အိန္ဒိယနိုင်ငံအတွက် အရေးပါပြီး ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေဆိပ်ကမ်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို ဆက်သွယ်မည့် “ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း” ကိုလည်း ရက္ခိုင့်တပ်တော် (AA) ကထိန်းချုပ်ထားသည်။

 

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် လက်ရှိ ရင်း နှီးမြှုပ်နှံမှုလုပ်ငန်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ၇၈၂ ဒသမ ၃၈၅သန်းနှင့် ၁၁ နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း ရွေးတုအစိုးရထံမှ သိရသည်။

ဓာတ်ပုံ – MOFA