ဧရာဝတီတိုင်းမ်
​ဇွန် ၅ ရက်

 

​ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ သာပေါင်းနှင့် လေးမျက်နှာမြို့နယ်၊ ပန်တောကြီးတို့တွင်‌ ပြည်သူ့စစ်မှုထမ်းများ ထောက်ပံ့ကြေးငွေများ ဖြတ်တောက်ခံရခြင်းနှင့် ဒဏ်ရာရရှိချိန်တွင် ဆေးဝါးကုသခွင့် ခွဲခြားဆက်ဆံခံရခြင်းများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

 

​ရှေ့တန်းထွက်စရိတ်များနှင့် ပုံမှန်ထောက်ပံ့ရမည့် ငွေကြေးများကို သက်ဆိုင်ရာ တာဝန်ခံများနှင့် အရာရှိများက ကာယကံရှင်များထံ အပြည့်အဝပေးအပ်ခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်သုံးစွဲနေကြကြောင်း ပြည်သူ့စစ်မှုထမ်းနှင့် နီးစပ်သူထံက သိရသည်။

​”ရှေ့တန်းမှာ ဒဏ်ရာရတဲ့ အရာရှိတွေကိုတော့ မြို့ပေါ်က ဆေးရုံကြီးတွေမှာ သေချာတက်ရောက် ဆေးကုဟတွေကျတော့ ဆေးကုသပေးတဲ့နေရာမှာ အဆင့်အတန်း ခွဲခြားခံရတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရလို့ ဆေးကုရင်တောင် သူတို့အတွက် ဆေးဝါးမပါဘူးဆိုပြီး ငြင်းဆန်တာတွေရှိတယ်” ဟု ပြည်သူ့စစ်မှုထမ်းတစ်ဦးက ဧရာဝတတီတိုင်းမ် ပြောသည်။

 

​၎င်းအပြင် ရှေ့တန်းစစ်မြေပြင်တွင် ဒဏ်ရာရရှိသည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ဆေးဝါးကုသမှု ခံယူလိုပါက ကိုယ်ပိုင်ငွေကြေး ပေးဆောင်ရပြီး အဆိုပါ ဆေးထိုးခ၊ ဆေးဖိုးများကို ၎င်းတို့ရရှိမည့် လစာငွေထဲကနေ ပြန်လည်ဖြတ်တောက်ကာ ဆေးကုသပေးကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရှိရသည်။

 

​ထို့ပြင် ပုသိမ်၊ သာပေါင်းနှင့် လေးမျက်နှာ (ပန်တောကြီး) ဘက်၌ တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရရှိထားသော်လည်း သေဆုံးခြင်းမရှိဘဲ လုံလောက်သည့် ဆေးဝါးကုသခွင့်မရရှိဘဲ ကျန်ရှိနေသည့် ပြည်သူ့စစ်မှုထမ်းနှင့် ပြည်သူ့စစ် အမြောက်အမြား ရှိနေကြောင်းလည်း စုံစမ်းသိရှိရသည်။

 

လက်ရှိ ဧရာဝတီတိုင်းအတွင်း ရေကြည်နှင့် သာပေါင်းအစပ်တွင် တိုက်ပွဲ များပြန်လည်ပြင်းထန်လာနေပြီး စစ်တပ်ကအထိနာနေကာ ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို ပုသိမ်ဘက်သို့ သယ်ထုတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

 

ဓာတ်ပုံ- ကွင်းကောက် လေ့ကျင့်ရေး အမှတ် ၅