ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်

 

မြန်မာနိုင်ငံအတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ အဓိက မြစ်ချောင်းများအတွင်း အဆိပ်အတောက်ဖြစ်စေသည့် ရေထုညစ်ညမ်းမှုပြဿနာများကို မီးမောင်းထိုးပြရန်အတွက် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်မှ ဒေသခံပြည်သူများက ယမန်နေ့ မေ ၃၁ ရက်နေ့တွင် “ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ” ဓမ္မခရီးစဉ်ကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။

 

မြစ်ရေအဆိပ်သင့် ညစ်ညမ်းမှုကြောင့် ဒေသခံများ နှစ်ရှည်လများ ခံစားနေရသည့် ဒုက္ခများကို ထိုင်းအစိုးရအနေဖြင့် အလေးအနက်ထား ဖြေရှင်းပေးရန် တောင်းဆိုသည့်အနေဖြင့် ချင်းမိုင်နှင့် ချင်းရိုင်ဒေသမှ သံဃာ တော်များနှင့် ဒေသခံပြည်သူ ၆၀၀ ခန့်သည် ယခုကဲ့သို့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ဘုရားဖူးခရီးစဉ်ကို စတင်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လမ်းလျှောက်ပွဲတွင် သံဃာတော်များအပါအဝင် လွှတ်တော်အမတ်ဟောင်း တွန်ဂျေ ဒီးတက်စ် ၊ မယ်အီခရိုင်အုပ်ချုပ်ရေးမှူး နီတီပါကွန် ဆန်းဆူဝမ်နှင့် ဆရာတော် ဖြာမဟာနီခွန် တို့က ရှေ့ဆောင်ဦးဆောင်ခဲ့ကြပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများက ပူးပေါင်းစီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

 

ယခုပြုလုပ်သည့် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို ချင်းမိုင်ခရိုင်၊ မယ်အီမြို့နယ်မှသည် ချင်းရိုင်ခရိုင်၊ မူအန်မြို့နယ်အထိ စုစုပေါင်း ၆၈ ကီလိုမီတာ (၄၂ မိုင်ခန့်) ရှိသော ခရီးစဉ်ကို လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ကောက်မြစ်၊ စိုင်းမြစ်၊ ရုအတ်မြစ်၊ သံလွင်မြစ်၊ ကရဘူရီမြစ်နှင့် မဲခေါင်မြစ် စသည့် နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများအတွင်းသို့ စနစ်တကျမရှိဘဲ စွန့်ပစ်လိုက်သည့် အဆိပ်ရှိ စွန့်ပစ်ပစ္စည်းများကြောင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှု ဘေးအန္တရာယ်ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် ဒေသခံများက ဗုဒ္ဓဓမ္မကို အခြေခံသည့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ပထမဆုံးအကြိမ် လှုပ်ရှားမှုပြုလုပ်ခြင်းလည်း ဖြစ်သည်။

 

အဆိုပါ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံအတွင်း၌ တရုတ်ကုမ္ပဏီများက အဓိက လုပ်ကိုင်နေခြင်းဖြစ်သည်။

 

ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် ယခုကိစ္စတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည့် မြန်မာရွေးတုအစိုးရ၊ တရုတ်အစိုးရ အပါအဝင် မြေပြင်ကို စိုးမိုးထားသည့် မြန်မာနိုင်ငံရှိ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပါ ဘက်စုံဆွေးနွေးပွဲများ အရေးပေါ် ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ငြိမ်းချမ်းရေးလမ်းလျှောက် တောင်းဆိုသူများက ပြောဆိုခဲ့ကြသည်။

 

ကိုးကား – Thai PBS
Ref;Northern residents begin peace walk over pollution from Myanmar mine