ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
အိန္ဒိယအစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကို ဖျက်ဆီးသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ခရီးစဉ်ဖိတ်ခေါ်ကာ ဧည့်ခံကြိုဆိုခြင်းဖြင့် နိုင်ငံတကာမျက်နှာစာတွင် ၎င်းတို့ကိုယ်တိုင် ဒီမိုကရေစီ ဘက်တော်သားအဖြစ် ဟန်ဆောင်၍ မရနိုင်တော့ကြောင်း ခုခံတော်လှန်နေသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ (EROs) ပါဝင်သော မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု (SIF) ကထုတ်ပြန်သည်။
ထို့ပြင် မြန်မာစစ်ခေါင်းဆောင်ကို ရွေးတုသမ္မတအဖြစ် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် ဖိတ်ခေါ်ခဲ့မှုနှင့် တရားဝင် ရွေးကောက်ပွဲဖြင့် အနိုင်ရထားသူ မဟုတ်ဘဲ “နိုင်ငံ့သမ္မတ” ဟု SIF က လုံးဝ ကန့်ကွက်ပယ်ချထားသည်။

ထိုသို့ သုံးနှုန်းခြင်းသည် သံတမန်ရေးရာ ကျင့်ထုံးလုပ်ထုံး တစ်ခုမဟုတ်ကြောင်း ယမန်နေ့ မေလ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် SIF ၏ နိုင်ငံရေးအရ သဘောထား ထုတ်ပြန်ချက်တွင် ထည့်သွင်း ထောက်ပြ ထားသည်။
ရွေးတုသမ္မတ အသွင်ပြောင်းထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွင် ပြည်သူလူထုက ပေးအပ်ထားသည့် မဲဆန္ဒရှင် လုပ်ပိုင်ခွင့် လုံးဝမရှိကြောင်း၊ မြန်မာနိုင်ငံ၏ နောက်ဆုံးအကြိမ်မြောက် လွတ်လပ်ပြီး တရားမျှတသော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့မှုကို စစ်အုပ်စုက မတရား အာဏာလုသိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကျော်ကို မတရား ဖျက်သိမ်း၍ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း အတုအယောင် ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်ရန် စစ်အုပ်စုက အတင်းအဓမ္မ ဖန်တီးပြုလုပ်ခဲ့သည်။ ထိုစဉ်က ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် ကာလအတွင်း၌ပင် မြို့နယ်ပေါင်း ၈၉ မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၀၈ ကြိမ်အထိ ရက်စက်စွာ ကျူးလွန်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂၈၁ ဦး သေဆုံးခဲ့ရကြောင်း SIF က ကိန်းဂဏန်းများနှင့်တကွ ထုတ်ဖော်ထားသည်။

အဆိုပါ မြန်မာ့အာဏာသိမ်း စစ်အုပ်စု၏ ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲ ရလဒ်များကိုလည်း ကုလသမဂ္ဂ၊ အာဆီယံ၊ ဥရောပသမဂ္ဂ (EU) နှင့် Human Rights Watch (HRW)၊ FIDH၊ ANFREL အပါအဝင် နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်က တရားမဝင်ကြောင်း လူသိရှင်ကြား ပယ်ချထားပြီးဖြစ်သည်။ သို့သော် အိန္ဒိယအစိုးရအနေဖြင့် ထိုသို့သော စစ်ရာဇဝတ်မှု အစီအစဉ်များကို ဗိသုကာပြုလုပ်နေသည့် စစ်ခေါင်းဆောင်ကို လက်ခံတွေ့ဆုံနေခြင်း ဖြစ်သည်။
မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု (SIF) တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် ကရင်နီ၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင်ပြည်နယ်တို့မှ နိုင်ငံရေးပါတီများ၊ သပိတ်ကော်မတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း ၂၀ ဖွဲ့ဖြင့် ၂၀၂၂ ခုနှစ်ကတည်းက စနစ်တကျ စုဖွဲ့စည်းရုံးထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် ထူထောင်ရေးအတွက် ညီညွတ်စွာ ပူးပေါင်းတိုက်ပွဲဝင်နေကြသည့် SIF အနေဖြင့် အိန္ဒိယနိုင်ငံနှင့် စစ်မှန်သော မိတ်ဖက် ဆက်ဆံရေးကိုသာ လိုလားပြီး ပြည်သူ့ရွေးကောက်ခံ ခေါင်းဆောင်များကို မတရား ဖမ်းဆီးချုပ် နှောင်ကာ မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲနေသည့် ရွေးတုအစိုးရကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးမည့် မည်သည့် ဆက်ဆံရေးမျိုးကိုမဆို လုံးဝ (လုံးဝ) လက်မခံကြောင်း ပြတ်သားစွာ ဆိုထားသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်သည် ရွေးတုသမ္မတ အမည်ခံကာ ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ် ရောက်ရှိနေပြီး၊ နယူးဒေလီမြို့တွင်း လေ့လာခြင်း၊ စီးပွားရေးဖိုရမ် တက်ရောက် ခြင်းများအပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
ထိုခရီးစဉ်အပေါ် အိန္ဒိယရောက် မြန်မာပြည်သူများက ကန့်ကွက်ဆန္ဒပြရန် ပြင်ဆင်နေကြသလို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၂၂ ဖွဲ့ကလည်း အိန္ဒိယအစိုးရထံသို့ ခရီးစဉ်အပေါ် ကန့်ကွက်စာများ ပေးပို့တောင်းဆိုထားကြောင်း သိရသည်။
ဓာတ်ပုံ – MOI