ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း (အထက-၇) ကျောင်းဝင်းအတွင်း၌ ယနေ့ ဇွန် ၁ ရက်က မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ KG တန်း ကလေးငယ်နှစ်ဦးနှင့် ဆရာမတစ်ဦး မိုးကြိုးထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ရွေးတုအစိုးရ၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့ ဇွန် ၁ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် အထက-၇ ကျောင်းဝင်းအတွင်းရှိ ကုက္ကိုပင်ကို မိုးကြိုးပစ်ချခဲ့ခြင်းဖြစ်ပြီး အပင်အနီးတွင် ရှိနေသည့် KG ကလေးငယ်နှစ်ဦးနှင့် ဆရာမတစ်ဦးတို့ မိုးကြိုးစက်ကွင်း ထိမှန်ကာ မြောက်ဥက္ကလာ ပပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။
“မိုးကြိုးပစ်ခံရပြီး ကလေးတွေ ထိခိုက်ကုန်တယ်လို့ ကြားရချင်း ကျောင်းရှေ့မှာ မိဘတွေ သွားပြုံတိုးနေကြတာ။ ကိုယ့်ကလေးက အတန်းထဲက ထွက်မလာတော့ ဆေးရုံပါသွားတာ ကိုယ့်ကလေး များ ဖြစ်နေမလားဆိုပြီး တော်တော်လေး တုန်လှုပ်ချောက်ခြားခဲ့ရတယ်။ KG ကလေး မိဘတွေလည်း ငိုယိုတဲ့သူက ငိုနဲ့ ကျောင်းရှေ့မှာ အကုန်ယောင်ချာချာ ဖြစ်ကုန်ကြတာ” ဟု ကလေးမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးကြိုးထိမှန်မှုကြောင့် KG ကလေးငယ်နှစ်ဦးတွင် ကျောကုန်းနှင့် မျက်နှာများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားပြီး ဆရာမဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့သဖြင့် မြေပြင်ပရဟိတအသင်းအဖွဲ့များ က ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ကုသပေးခဲ့ရသည်။
ကျောင်းဝင်းအတွင်း မိုးကြိုးပစ်ခံရသည့် ရုတ်တရက်သတင်းကြောင့် ကလေးမိဘများ စိုးရိမ်ပူပန်ကာ ကျောင်းရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရွေးတုအစိုးရလက်အောက်ခံ ကျောင်းများတွင် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှု အားနည်းချက်များ ရှိနေသည်ကို စိုးရိမ်လျက်ရှိကြောင်း ရပ်ကွက်တွင်း နေထိုင်သူများထံမှ စုံစမ်းသိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)