ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်

 

ဧရာဝတီတိုင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) နယ်မြေ၊ ငပုတောမြို့နယ်အတွင်း စစ်ဆင်ရေး တာဝန်ကျနေသည့် တပ်စခန်း ခြောက် ခုမှ ရိက္ခာနှင့် စစ်ဆင်ရေးငွေများကို ယာယီတပ်ရင်းမှူးဖြစ်သူက ကိုယ်ကျိုးအတွက် ဖြတ်တောက်သုံးစွဲနေသဖြင့် စားသောက်ရေး အဆင်မပြေဘဲ တပ်တွင်းမကျေနပ်မှု များ ဖြစ်ပွားနေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

 

ခလရ-၁၄၆ သန်လျင်မှ ဒုတပ်ရင်းမှူး (ယာယီတပ်ရင်းမှူး) ဖြစ်သူ ဗိုလ်မှူး အေးမောင်ချို (DSA အပတ်စဉ်-၄၈) သည် ရှေ့တန်းတပ်စခန်းများအတွက် ပေးပို့သည့် ရိက္ခာစုံများနှင့် စစ်ဆင်ရေးအထူး နေ့တွက်စရိတ် များကို ကိုယ်ကျိုးအတွက် ဖြတ်တောက်ယူငင် သုံးစွဲနေခြင်း ဖြစ်ကြောင်း သိရသည်။

 

“သူ ဖြတ်စားလာဘ်စား လုပ်နေတာတွေကို တိုင်းမှူးနဲ့ အရာရှိအကြီးအကဲတွေ သိစေချင်ပါတယ်။ ရှေ့တန်းမှာက လုံးဝကို အဆင်မပြေတော့လို့ပါ” ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ငပုတောမြို့နယ်အတွင်းရှိ ရှေ့တန်းတပ်စခန်းများဖြစ်ကြသော ထိပ်စွန်း၊ သက္ကယ်သောင်၊ စလူဆိပ်၊ ပြင်စလူ၊ အုန်းကျွန်းနှင့် ဖောင်ဒိုး စသည့် တပ်စခန်း ခြောက် ခုမှ တပ်စခန်းတစ်ခုလျှင် တစ်လလျှင် ငွေကျပ် ၃၀၀,၀၀၀ (သုံးသိန်း) နှုန်းဖြင့် ယာယီတပ်ရင်းမှူးက မတရား ဖြတ်တောက်နေသည်မှာ ယခုအခါ နှစ်လခန့် ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ ဖြတ်တောက်စားသောက်နေသည့် ငွေကြေးများမှာ အသက်ကိုစတေးနေရသည့် ရှေ့တန်း ရောက် ရွေးတုအစိုးရတပ်ဖွဲ့ဝင်များ၏ တရားဝင် ရပိုင်ခွင့်ထဲမှ နှုတ်ယူနေခြင်းဖြစ်သောကြောင့် မြေပြင်ရှာဖွေလှုပ်ရှားနေရသည့် ရှေ့တန်းစခန်းများတွင် စားသောက်ရေး အခက်အခဲများနှင့် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သတင်းရင်းမြစ်က ဆိုသည်။

 

အောက်ခြေစစ်သားများ၏ ရိက္ခာငွေကို ဖြတ်စားနေသူ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အေးမောင်ချိုမှာ ရွေးတုအစိုးရ၏ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုး၏ သားဖြစ်ကြောင်း သိရသည်။ ၎င်း၏ဖခင် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း လျှပ်စစ်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး ကြံ့ခိုင်ရေးပါတီ (USDP) ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

 

အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် စစ်တပ်အရာရှိကြီးများသည် ပြည်သူလူထု ကို နည်းမျိုးစုံဖြင့် ဖိနှိပ်ကာ ငွေဝင်လမ်းများ ဖြောင့်ဖြူးလျက်ရှိသည့်အပြင် ၎င်းတို့အတွက် အသက်စွန့်တိုက်ခိုက်နေရသည့် အောက်ခြေရဲဘော်များ၏ ရပိုင်ခွင့်နှင့် စားစရိတ်များကိုပါမကျန် စစ်တပ်အရာရှိကြီးများက အဂတိတရားကြီးမားစွာ ဖြတ်တောက်သုံးစွဲနေကြကြောင်း စစ်ဘက် သတင်းအသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။

 

ပုံစာ-ဗိုလ်မှူးအေးမောင်ချို (လယ်) ၊ ရွေးတုတပ်သားများ( ပုံဟောင်း)