‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁ ရက်

 

လက်ရှိ မြန်မာနိုင်ငံအတွင်း သုံးစွဲနေသော ဆေးဝါးများ၏ ၆၀ ရာခိုင်နှုန်းဝန်းကျင်ခန့်ကို အိန္ဒိယနိုင်ငံမှ တင်သွင်းနေရသဖြင့် ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာ ရှိကြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

 

အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော ရွေးတုသမ္မတသည် ယမန်နေ့ မေလ ၃၁ ရက်နေ့က ပြုလုပ်သည့် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

 

သို့သော် မြေပြင်တွင်မူ ဆေးဝါးတင်သွင်းရာ၌ “ပို့ကုန်ရငွေ (Export Earning)” ရှိမှသာ ဆေးဝါး သွင်းကုန်လိုင်စင် ခွင့်ပြုမည်ဟု မူဝါဒ တင်းကျပ်ထားခြင်းကြောင့် ပြည်တွင်း၌ ဆေးဝါးကုမ္ပဏီကြီးများ လိုင်စင်လျှောက်ထားရန် ခက်ခဲနေပြီး ပြင်ပဈေးကွက်တွင် ဆေးဝါးပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုများ ကြုံတွေ့နေရသည်။

“(ရွေးတု)အစိုးရက ပြည်တွင်းမှာထုတ်ဖို့ ပိုအားပေးနေတာရှိတယ်။ ဆေးထုတ်ဖို့။ ထုတ်နေတဲ့ ကုမ္ပဏီတွေ ရှိတယ်။ ဒါပေမဲ့ လိုအပ်တဲ့ဆေးနဲ့ ထုတ်နိုင်တဲ့ဆေးက မတူဘူး။ ဆေးသွင်းဖို့ လိုင်စင် တစ်ခါတင်ရင် ၁၀ စောင်လောက်တင်ရင် နှစ်စောင်ပဲ ရမယ်။ ဆေးအမျိုးအစား တစ်မျိုးအတွက်ပဲ” ဟု ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄၀၀ မှ ၅၀၀ မီလီယံတန်ဖိုးရှိ ဆေးဝါးပစ္စည်းများနှင့် ဆေးဝါးများကို တင်သွင်းလျက်ရှိပြီး ယင်းအနက် အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၇၀ မီလီယံခန့် တင်သွင်းနေရကြောင်း ရွေးတုအစိုးရ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြား ထားသည်။

 

ထိုသို့ တင်သွင်းမှုများ ရှိနေသော်လည်း လက်ရှိ ပြည်တွင်း၌ အိမ်သုံးဆေးဝါးများ အပါအဝင် ရောဂါကုသဆေးများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ဈေးနှုန်းသည် နေ့စဉ် မြင့်တက်လျက်ရှိကာ ဆေးဝါးရှားပါးမှုနှင့် တိုက်ရိုက် ကြုံတွေ့နေရခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ ဆေးဝါးလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ တင်သွင်းနေရသဖြင့် အိန္ဒိယနိုင်ငံသည် ဆေးဝါး ထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် ရွေးတုသမ္မတ က နှိုးဆော်ခဲ့ခြင်း ဖြစ်သည်။

” အိန္ဒိယနိုင်ငံကနေ သံ၊ သံမဏိ၊ ဆေးဝါးနဲ့ ဓာတုဗေဒပစ္စည်းတွေပိုမိုတင်သွင်းလိုတယ်လို့ ” ဟု ရွေးတု သမ္မတဦးမင်းအောင်လှိုင် က ဆိုသည်။

 

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ် ပျမ်းမျှ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပြီး အိန္ဒိယနိုင်ငံမှ ဆေးဝါး၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် လယ်ယာသုံး စက်ပစ္စည်းများကို မြန်မာနိုင်ငံက တင်သွင်းကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲ၊ ပဲစင်းငုံ၊ မြေထောက်ပဲ၊ ရေထွက်ပစ္စည်း၊ ချုပ်ပြီးအထည်၊ သစ်ပါးလွှာနှင့် အထပ်သားတို့ကို ပြန်လည်တင်ပို့သည်။

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ်‎ပျှမ်းမျှ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယထုတ်ကုန်များဖြစ်သည့် ဆေးဝါး၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်း၊ မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်နှင့် လယ်ယာသုံးစက်ပစ္စည်းများကို အဓိကတင်သွင်းကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲ၊ ပဲစင်းငုံ၊ မြေထောက်ပဲ၊ ရေထွက်ပစ္စည်း၊ ချုပ်ပြီးအထည်၊ သစ်ပါးလွှာနှင့် အထပ်သားတို့ကို ပြန်လည်တင်ပို့သည်။‎

 

“မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်ခုဖြစ်ပြီးတော့ သဘာဝတည်နေရာအရ ကမ္ဘာ့ လူဦးရေ အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာရှိလို့ ကြီးမားတဲ့ ဈေးကွက်နဲ့ လျင်မြန်စွာ တိုးတက်နေတဲ့ အာဆီယံဒေသအတွင်း အချက်အချာကျတဲ့ နေရာဖြစ်တယ်” ဟု ရွေးတုသမ္မတက ပြောသည်။

 

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခုရှိပြီး အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ၁၁ နိုင်ငံမြောက် နိုင်ငံဖြစ်ကာ၊ အိန္ဒိယရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံ၏ စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင် ပါဝင်ကြောင်း သိရသည်။

 

နှစ်နိုင်ငံကြား ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေသည့် စနစ်ကိုလည်း ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သည်။

ဓာတ်ပုံ-MOI