ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်

ဂျပန်နိုင်ငံဟာ စစ်ဝါဒသစ် ကျင့်သုံးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအီဇူမီက တနင်္ဂနွေနေ့မှာ ပယ်ချလိုက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘဲ စစ်အင်အား အလျင်အမြန် ချဲ့ ထွင်နေတဲ့ တရုတ်နိုင်ငံကို ပြန်လည်ဝေဖန်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေတာကို ပြသနေတာပါ။

တရုတ်နိုင်ငံဟာ စစ်သုံးစရိတ်ကို ဆက်တိုက်တိုးမြှင့်နေတယ်လို့ စင်ကာပူမှာကျင်းပတဲ့ ရှန်ဂရီ လာဆွေးနွေးပွဲမှာ ကိုအီဇူမီက ပြောကြားခဲ့ပြီး တရုတ်ရဲ့ ပြင်ပချဉ်းကပ်ပုံတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ဂျပန်အတွက်တင်မကဘဲ နိုင်ငံတကာအသိုက်အဝန်းအတွက်ပါ အလေးအနက်စိုးရိမ်စရာ ကိစ္စတွေဖြစ် တယ်လို့ ပြောပါတယ်။

“ပြန်တွေးကြည့်ကြပါ၊ နျူကလီးယားလက်နက်တွေ၊ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ရှိနေပါတယ်။ ဂျပန်မှာ အဲဒီလိုလက်နက်မျိုး တစ်ခုမှမရှိပါဘူး၊ ဒါကိုတောင် ဂျပန်ကို စစ်ဝါဒသစ်လို့ တံဆိပ်ကပ်နေကြတာလား” လို့ ၎င်းက မေးခွန်းထုတ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း မှတ်တမ်းတွေက “ဘာလဲဆိုတာ အလိုလိုသက်သေပြ နေပါတယ်” လို့ ကိုအီဇူမီက ဆိုပါတယ်။

ဂျပန်က နိုင်ငံတကာဥပဒေတွေကို လိုက်နာပြီး ကုလသမဂ္ဂ ပဋိညာဉ်ကို စောင့်ထိန်းရုံတင်မက လွတ်လပ်ပြီး ပွင့်လင်းတဲ့ နိုင်ငံတကာလုပ်ထုံးလုပ်နည်းကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတယ်လို့ သူက ထောက်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ မေလမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်ရဲ့ စစ်ဝါဒသစ် ကျင့်သုံးဖို့ ရုန်းကန်နေ တဲ့ လုပ်ရပ်တွေကို အတူတကွ တွန်းလှန်ကြဖို့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေကို တိုက်တွန်းနှိုးဆော်ခဲ့ ဖူးပါတယ်။

စင်ကာပူဆွေးနွေးပွဲမှာလည်း တရုတ်ကိုယ်စားလှယ်ဖြစ်သူ ဗိုလ်ချုပ်ကြီး မင်ရှန်ချင်းက ဂျပန်ကို ထပ်ပြီးဝေဖန်လိုက်ပါတယ်။

“စစ်ဝါဒရဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အမွေဆိုးတွေကို အမြစ်ပြတ်အောင် မချေဖျက်နိုင်သေးတဲ့ နိုင်ငံတစ်နိုင်ငံဟာ နိုင်ငံတကာပွဲတွေမှာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအကြောင်းတွေကို ဒီလောက် အကျယ်တဝံ့ ပြောဖို့ အရည်အချင်းပြည့်မီရဲ့လား၊ နောက်ပြီး သူတို့ တစ်ချိန်က ကျူးကျော်ခဲ့ဖူးတဲ့ အာရှ နိုင်ငံတွေအပါအဝင် နိုင်ငံတကာရဲ့ ယုံကြည်မှုကိုကော ရနိုင်ပါ့မလားဆိုတာ ကျွန်တော် အတော်လေး သံ သယဖြစ်မိပါတယ်” လို့ မင်ရှန်ချင်းက ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဂျပန်ဝန်ကြီးချုပ် စာနာအဲ တာကာအီချီက တရုတ်က ထိုင်ဝမ်ကို တိုက် ခိုက်လာမယ်ဆိုရင် ဂျပန်အနေနဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့ပြီးနောက်ပိုင်း နှစ်ငံကြား ဆက်ဆံရေးဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။

ကိုးကား – The Asahi Shimbun
Ref; Japan rejects ‘new militarism,’ accuses China of rapidly arming