ဧရာဝတီတိုင်းမ်
‌ဇွန် ၁ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ယမ်းသိုလှောင်ရုံ ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ၅၅ ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ကျော်အပါအဝင် စုစုပေါင်း ထိခိုက်သေဆုံးသူ ၁၂၅ ဦးကျော်အထိ ရှိလာကြောင်းနှင့် ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ပလောင်ပြည် နယ် လွတ်မြောက်ရေး တပ်ဦး ( PSLF/TNLA) အနေဖြင့် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရန် တအာင်းပြည်ကောင်စီ (TLC) က ယနေ့ ဇွန်လ ၁ ရက်နေ့တွင် တရားဝင် ထုတ်ပြန်တောင်းဆိုထားသည်။

 

ယမန်နေ့ မေလ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်က ကောင်းတပ်ကျေးရွာရှိ မိုင်းတွင်းသုံး ယမ်းသိုလှောင် ရုံတစ်ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ပေါက်ကွဲမှုဒဏ်ကြောင့် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် အဆောက်အအုံ အများအပြား ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရသည်။

ယခုကဲ့သို့ မိဘပြည်သူများ အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရသည့်အပေါ် ကျန်ရစ်သူ မိသားစု ဝင်များ၊ ပြည်သူများနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း TLC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများဖြစ်ကြသည့် PSLF/TNLA ခေါင်းဆောင် များ အနေဖြင့် ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းအမှန်ကို အသေးစိတ် စုံစမ်းစစ်ဆေးရန် TLC က တိုက်တွန်း ထားသည်။

 

ထို့ပြင် ဤရုတ်တရက် ပေါက်ကွဲမှုဖြစ်စဉ်အပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝရှိရန်၊ တာဝန်ရှိ သူများနှင့် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ ပြတ်သားစွာ အရေးယူဆောင်ရွက်ပေးရန်၊ ဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးရန်နှင့် နောက်နောင် တွင် မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု၏ အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကို အထူးဂရုပြု လုပ်ဆောင်သွားရန် SIF အဖွဲ့ဝင်လည်းဖြစ်သည့် တအာင်းပြည်ကောင်စီ (TLC) က အလေးအနက် တောင်းဆိုထားသည်။

ထို့အတူ ကောင်းတပ်ကျေးရွာရှိ မိဘပြည်သူများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် တအာင်းပြည်တစ်ဝှမ်းလုံးနှင့် ပြည်တွင်းပြည်ပ နေရာဒေသအသီးသီးတွင် ရောက်ရှိနေကြသည့် မိဘပြည်သူများအနေဖြင့်လည်း ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူတို့၏ ကျန်ရစ်သူမိသားစု ဝင်များ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံများ ပြန်လည်တည် ဆောက်နိုင်ရန် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီ ပံ့ပိုးဖေးမကြပါရန် အလေးအနက်ထား တိုက်တွန်းနှိုး ဆော်ထားသည်။

 

မြေပြင်ဒေသခံ သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ ယမန်နေ့က ပေါက်ကွဲမှုသည် အလွန်ပြင်း ထန်သဖြင့် အဓိက ပေါက်ကွဲခဲ့သည့် ဗဟိုချက်နေရာတွင် အနက် ၁၃ ပေကျော်ရှိသည့် မြေကျင်းကြီး တစ်ခု ဖြစ်ပေါ်ခဲ့ပြီး သိုလှောင်ရုံနှင့် အနီးဆုံးနေရာရှိ နေအိမ်များနှင့် လူနေအဆောက်အအုံများမှာ လုံးဝ ပြာအတိဖြစ်သွားခဲ့ရကြောင်း သိရသည်။

 

ပုံစာ-အဓိက ပေါက်ကွဲခဲ့သည့် ဗဟိုချက်နေရာတွင် အနက် ၁၃ ပေကျော်ရှိသည့် မြေကျင်းကြီးဖြစ်ပေါ်နေသည်ကိုတွေ့ရစဉ်။