ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာမျက်နှာစာတွင် အထီးကျန်ဖြစ်နေသည့် ရွေးတုအစိုးရ အသွင်ပြောင်း စစ်အုပ်စုသည် ၎င်းတို့ကို စစ်ရေးနှင့် နိုင်ငံရေးအရ အစဉ်တစိုက် ထောက်ခံ အားပေးနေသည့် ရုရှားနိုင်ငံနှင့်အကြား “ပူးတွဲသတင်းအချက်အလက် လုံခြုံရေးစင်တာ” တည်ထောင်ရန်နှင့် ဆိုက်ဘာနည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရန် လက်မှတ်ရေးထိုးလိုက် ကြောင်း သိရသည်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ယခုရက်အတွင်း ရောက်ရှိနေသည့် ရွေးတုအစိုးရ၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ရွေးတုသမ္မတရုံးဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် ခရီးစဉ်အတွင်း ထိုကဲ့သို့ လက်မှတ်ရေးထိုးပြီး အစည်းအဝေး၊ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးမှုမှာ နှစ်နိုင်ငံအကြား “ပူးတွဲသတင်းအချက်အလက် လုံခြုံရေးစင်တာ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)” နှင့် “အပြည်ပြည်ဆိုင်ရာ သတင်းအချက်အလက် လုံခြုံရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မည့် အကောင်အထည်ဖော်မှု အစီအစဉ် ၂၀၂၆-၂၀၂၉” တို့ ဖြစ်ကြောင်း ရွေးတုအစိုးရဘက်က ထုတ်ပြန်ထားသည်။
ယင်းကိစ္စရပ်သည် စစ်အာဏာသိမ်းမှုကြောင့် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာ ချဉ်ဖယ်ခံဘဝမှ လွတ်မြောက်အောင် ကြိုးပမ်းသောအနေဖြင့် ရုရှားနိုင်ငံ၏ အကူအညီများ ရယူနေခြင်းမျိုးဖြစ်သလို လေယာဉ်နှင့် စစ်လက်နက်ပစ္စည်း ပြုပြင်ဝယ်ယူမှုများ ရှိလာနိုင်ကြောင်း အကဲခတ်များက ထောက်ပြသည်။
လက်ရှိတွင်လည်း ရွေးတုအစိုးရသည် ၎င်းတို့ကို ခုခံတော်လှန်နေသော ဒေသများသို့ လေကြောင်းဗုံး ကြဲခြင်းအပါအဝင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ အရှိန်ဟုန်မြှင့် လုပ်ဆောင်နေပြီး ထိုအတွက် အသုံးပြုရာ လေယာဉ်နှင့် စစ်လက်နက် ပစ္စည်းများမှာ ရုရှား၊ တရုတ် စသည့်နိုင်ငံတချို့က မှာယူဝယ်ထားခြင်း ဖြစ် ကြောင်း သိရသည်။
အဆိုပါ မော်စကိုခရီးစဉ်နှင့် ပတ်သက်၍ ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်တွင်မူ မော်စကိုမြို့၌ ပြုလုပ်သည့် “ပထမအကြိမ် နိုင်ငံတကာ လုံခြုံရေးဖိုရမ်” နှင့် ထိုကာလအတွင်း တစ်ဆက်တည်း ကျင်းပခဲ့သော “ဆဋ္ဌမအကြိမ်မြောက် အာဆီယံ – ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ ဆွေးနွေးပွဲ” သို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းတို့အဖွဲ့သည် (၁၄) ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားချက်အရ မေလ ၂cell၅ ရက်မှ ၃၁ ရက်အထိ မော်စကိုမြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ရုရှားလုံခြုံရေး ထိပ်သီးတာဝန်ရှိသူများနှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ နိုင်ငံတကာ လုံခြုံရေးဖိုရမ်တွင် နိုင်ငံပေါင်း ၁၄၅ နိုင်ငံ တက်ရောက်ခဲ့ပြီး၊ ရုရှားနိုင်ငံဘက်မှ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ နောက်ဆုံးပေါ် လက်နက်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရသည် ယခုခရီးစဉ်မတိုင်မီ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရွေးတုသမ္မတက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး စစ်တပ်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ အပါအဝင် ထိပ်သီးစစ်ခေါင်းဆောင် ၁၁ ဦး ပါဝင်သည့် “အမျိုးသားလုံခြုံရေးအဖွဲ့ (NSB)” ကို အရေးပေါ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး၊ ဝန်ကြီးဌာနများအားလုံး ပေါက်စပ်ကာ လုံခြုံရေးတိုးမြှင့်ရန် ညွှန်ကြားထားသည်။
မြန်မာနိုင်ငံ၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ရှိနေသော်လည်း ထပ်မံဖွဲ့ စည်းလိုက်သော NSB အနေဖြင့် ပြည်ထောင်စု မပြိုကွဲရေးအပါအဝင် ဒို့တာဝန်အရေး၃ ပါးကို ဦးထိပ်ထား၍ အမျိုးသားလုံခြုံရေး တာဝန်များအား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ရွေးတုအစိုးရက ဖော်ပြဆိုသည်။
ဓာတ်ပုံ-MOI