‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁ ရက်

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရလက်ထက်တွင် စနစ်တကျ စတင်အကောင်အထည်ဖော်ခဲ့သော ရတနာပုံမြို့သစ်စီမံကိန်းကို ယခုအခါ ရွေးတုအစိုးရ မင်းအောင်လှိုင်မိသားစုက စိတ်ကြိုက် ဦးစီးလုပ် ကိုင်နေပြီး ၎င်း၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယနည်းပညာလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မြေဧရိယာ ၁၀,၀၀၀ ဧကခန့်ပေါ်တွင် တည်ရှိသည့် ရတနာပုံ ဆိုက်ဘာစီးတီး (ရတနာပုံမြို့သစ်) စီမံကိန်းကို ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး စိတ်ကြိုက် ပြန်လည်အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

နည်းပညာနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် ကမ္ဘာ့အဆင့် အောင်မြင်လျက်ရှိသော အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံရှိ ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းတွင် အခွင့်အလမ်းကောင်းများစွာ ရရှိမည်ဖြစ်သဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ၎င်း၏ အိန္ဒိယခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

 

အိန္ဒိယနိုင်ငံ၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးများနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝသော သဘာဝသယံဇာတ၊ တည်နေရာအချက်အချာကျမှု၊ လူငယ်လုပ်သားထုတို့ကို ပေါင်းစပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန် အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ၎င်းက ထပ်မံဆွဲဆောင်ခဲ့သည်။

 

အဆိုပါ ရတနာပုံမြို့သစ်သည် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) အနီးတွင် တည်ရှိသဖြင့် မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ကျောက်ဆည်မြို့တို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ချိတ်ဆက်နိုင်ပြီး လိုအပ်သော လူသားအရင်းအမြစ်များကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်ကြောင်း ထို့ပြင် လိုအပ်သော လျှပ်စစ်မီးအတွက် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ဖြန့်ဝေပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့် မြေနေရာများကို အဆင်ပြေအောင် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရွေးတုသမ္မတ က ဆိုသည်။


‎သို့သော်လည်း မြေပြင်အခြေအနေတွင် စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းရှိ နည်းပညာနှင့် ဝန်ဆောင်မှုလုပ်ငန်းမှ ကျွမ်းကျင်ပညာရှင် လူငယ်အများအပြားသည် စစ်အုပ်စု၏ ဖိနှိပ်မှုများကြောင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချလျက်ရှိကြသည်။

 

အထူးသဖြင့် စစ်အုပ်စုက အဓမ္မအတည်ပြု ပြဋ္ဌာန်းထားသော စစ်မှုထမ်းဥပဒေကြောင့် နည်းပညာကဏ္ဍကို ဦးဆောင်ရမည့် လူငယ်လူရွယ်များနှင့် ပညာတတ်ထုတစ်ရပ်လုံး ပြင်ပနိုင်ငံများသို့ အလုအယက် ထွက်ခွာတိမ်းရှောင်နေကြရသဖြင့် လူသားအရင်းအမြစ် ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း အကဲခတ်များက ထောက်ပြသည်။

 

လက်ရှိတွင် ရွေးတုအစိုးရသည် ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းကြီးကြပ်မှုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းထားပြီး၊ ကော်မတီဥက္ကဋ္ဌအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကော်မတီအဖွဲ့ဝင်များအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးမြို့တော်ဝန်နှင့် ၎င်းတို့၏ ဒုတိယဝန်ကြီးများဖြင့် စိတ်ကြိုက် စုဖွဲ့ထားသည်။

 

အဆိုပါ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် မြန်မာ့အနာဂတ် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ မြှင့်တင်ရန်အတွက် စနစ်တကျ စတင်အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

 

ထိုစဉ်က ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရအကြား လုပ်ပိုင်ခွင့်များ တိကျစွာ ခွဲခြားပေးခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံတကာနှင့် ပြည်တွင်းကုမ္ပဏီများကို အဆိုပြုလွှာ ဖိတ်ခေါ်သည့် အဆင့်အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် စီမံကိန်းတစ်ခုလုံး ရပ်ဆိုင်းသွားသည်။

ဓာတ်ပုံ – MOI, လူမှုကွန်ရက်