ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ မေ ၃၁ ရက်)

မုတ်သုံမိုးရာသီ ရောက်ပြီဆိုရင် ပတ်ဝန်းကျင်မှာ စိုစွတ်ထိုင်းမှိုင်းပြီး ရေတင်ကျန်တဲ့နေရာတွေ များလာ တာကြောင့် အင်းဆက်ပိုးမွှားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးအချိန်အခါ ဖြစ်လာပါတယ်။ ဒါကြောင့် မိသားစုကျန်းမာရေးအတွက် မိုးရာသီမှာ အတွေ့ရအများဆုံး အင်းဆက်ပိုးမွှားတွေရဲ့ အန္တရာယ်ကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ စောင့်ကြည့်ပြီး ကာကွယ်ကြရမှာ ဖြစ်ပါတယ်။

မုတ်သုံမိုးရာသီ ရောက်ပြီဆိုရင် မိုးအေးအေးလေးနဲ့ အိမ်ထဲမှာ အေးအေးလူလူ နေရတာ ဇိမ်ရှိလှပေမဲ့ ပတ်ဝန်းကျင်မှာ စိုစွတ်ထိုင်းမှိုင်းပြီး ရေတင်ကျန်တဲ့ နေရာတွေ များလာတာကြောင့် အိမ်အပြင် တင်မကဘဲ ကျွန်တော်တို့ရဲ့ အိမ်ခန်းတွေထဲအထိ အန္တရာယ်ရှိတဲ့ အင်းဆက်ပိုးမွှားတွေ ပေါက်ဖွား ခိုအောင်းဖို့ အကောင်းဆုံး အချိန် အခါဖြစ်လာပါတယ်။

အချို့အင်းဆက်တွေက သာမန်ယားယံရုံပဲဆိုပေမဲ့ တချို့ကျတော့လည်း ပေါ့ပေါ့ဆဆနေရင် အသက် အန္တရာယ်အထိ စိုးရိမ်ရတဲ့ ကူးစက်ရောဂါတွေနဲ့ ပြင်းထန်တဲ့ အဆိပ်ဒဏ်တွေကို ပေးစွမ်းနိုင်တာမို့ ဒီရာသီမှာ အထူးသတိထားကြရမှာပါ။

ဒါကြောင့် မိသားစုကျန်းမာရေးအတွက် မိုးရာသီမှာ အတွေ့ရအများဆုံးဖြစ်ပြီး အိမ်တိုင်းလိုလို ရင်ဆိုင်ရတတ်တဲ့ အင်းဆက်ပိုးမွှားတွေရဲ့ အန္တရာယ်ကို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနဲ့ ဘယ်လိုမျိုး ကြိုတင်ကာကွယ် စောင့်ကြည့်ရမလဲဆိုတာ ဆွေးနွေးပေးချင်ပါတယ် ခင်ဗျာ။

🟥၁။ ခြင် (Mosquitoes)

မိုးရာသီရဲ့ အန္တရာယ်အရှိဆုံးရန်သူက ခြင်ဖြစ်ပါတယ်။ မိုးရေတင်ကျန်တဲ့ ရေကြည်ရေအိုင်တွေဟာ ခြင်တွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာ ဖြစ်တာကြောင့် မိုးရာသီမှာ ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ များလာရခြင်း ဖြစ်ပါတယ်။

◾️သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever)
– သွေးလွန်တုပ်ကွေးရောဂါ ကတော့ နေ့ဘက်မှာ ကိုက်တတ်တဲ့ ခြင်ကျား (Aedes) ကြောင့် ဖြစ်ပွားပြီး ကလေးငယ်တွေမှာ အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်။

◾️ငှက်ဖျားရောဂါ (Malaria) နှင့် ဆင်တုပ်ကွေး (Chikungunya)
-ငှက်ဖျားနဲ့ ဆင်တုပ်ကွေးရောဂါတွေကတော့ အထူးသဖြင့် တောတောင်ထူထပ်တဲ့ ဒေသတွေနဲ့ နယ်ဖက် တွေမှာ ပိုမိုအဖြစ်များပါတယ်။

ဒါကြောင့် ခြင်ပေါက်ဖွားနိုင်တဲ့ အိမ်တွင်း၊ အိမ်ပြင် ရေတင်ကျန်ခွက်များ၊ တာယာဟောင်းများကို သွန်ပစ်ပါ။ “ဖုံး၊ သွန်၊ လဲ၊ စစ်” ခြင်နှိမ်နင်းရေးလမ်းညွှန်ချက်ကို လိုက်နာပါ။ ခြင်‌ပြေးဆေး (Insect repellent) အသုံးပြုပါ။ ခြင်ထောင်အသုံးပြုပါ။ ခြင်ကိုက်မခံရအောင် ဂရုတစိုက်နေပြီး ရောဂါ ကာကွယ်ကြဖို့ တိုက်တွန်းလိုပါတယ်။

🟥၂။ မီးပိုးကောင် (Paederus Beetle / Tomcat)

မိုးရွာပြီးစ ညဦးပိုင်းတွေမှာ မီးရောင်ရှိတဲ့နေရာတွေကို အစုအပြုံလိုက် ပျံသန်းလာတတ်တဲ့ ပုရွက်ဆိတ် လို ပုံစံရှိတဲ့ မီးပိုးကောင်တွေ ဖြစ်ပါတယ်။ မီးပိုးကောင်က ကိုက်တတ်တာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ‘Pederin’ ဆိုတဲ့ ပြင်းထန်တဲ့ အဆိပ်ရည် ပါရှိတာဖြစ်ပါတယ်။

အသားပေါ်နားလို့ လက်နဲ့ ရိုက်မိ၊ ဖိမိတဲ့အခါ အဆိပ်ရည်ထွက်လာပြီး အရေပြားကို လောင်ကျွမ်းစေကာ ပူစပ်ပူလောင်ဖြစ်ပြီး အရေကြည်ဖုတွေ ထွက်လာတတ်ပါတယ်။ ဒီအခြေအနေကို ဆေးပညာအရ ‘Paederus dermatitis’ လို့ ခေါ်ပါတယ်။

ဒါကြောင့် မီးပိုးကောင် အသားပေါ်နားရင် ရိုက်မချပါနဲ့။ မှုတ်ထုတ်ပါ သို့မဟုတ် စက္ကူနဲ့ ညင်သာစွာ ဖယ်ရှားပါ။ အဆိပ်ရည် ထိတွေ့မိတဲ့နေရာကို ဖြစ်ဖြစ်ချင်း ရေ၊ ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးချပါ။ ရေခဲဝတ်ကပ်ပေးပါ။ စတီးရွိုက် အရောင်ကျဆေး လိမ်းပေးတာဖြစ်ဖြစ်၊ အယားပြေအရောင်ကျဆေး သောက်တာဖြစ်ဖြစ် လုပ်ပေးရပါမယ်။ အရေကြည်ဖု ကြီးမားလာပြီး အပေါ်ယံအရေပြား ပိုးဝင်တဲ့လက္ခဏာပြရင်တော့ ပိုးသတ်ဆေးနဲ့ ကုသဖို့ ပိုလိုအပ်ပါလိမ့်မယ်။ ပေါ့ပေါ့ဆဆ မနေဘဲ မီးပိုးကောင်အန္တရာယ်ကို သတိထားကြပါ။

🟥၃။ ယင်ကောင် (Houseflies)

မိုးရာသီမှာ အမှိုက်သရိုက်တွေ ဆွေးမြည့်လွယ်ပြီး စိုစွတ်တာကြောင့် ယင်ကောင်တွေ အလွန် ပေါက်ဖွားလွယ်ပါတယ်။ ယင်ကောင်တွေဟာ မစင်တွေ၊ အမှိုက်တွေပေါ်ကနေတစ်ဆင့် ရောဂါပိုးမွှား တွေကို သယ်ဆောင်လာပြီး ကျွန်တော်တို့ စားသောက်မယ့် အစားအစာတွေပေါ်မှာ နားတတ်ကြပါတယ်။ ဒါကြောင့် မိုးရာသီမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ (Diarrhea)၊ ကာလဝမ်းရောဂါ (Cholera) နဲ့ အူရောင်ငန်းဖျား (Typhoid) တို့ အဖြစ်များရခြင်း ဖြစ်ပါတယ်။

ကာကွယ်ဖို့အတွက်ကတော့ အစားအစာတွေကို ယင်မနားအောင် သေချာအုပ်ထားပါ။ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောပါ။ လောက်နဲ့ ယင်ကောင် မပေါက်ဖွားနိုင်အောင် အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပါ။

🟥၄။ လှေးနှင့် မွှားများ (Fleas and Ticks)

မိုးရာသီမှာ အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်တဲ့ ခွေး၊ ကြောင် တွေလို တိကလေးတွေရဲ့ အမွှေးအမျှင် ကြားထဲမှာ လှေးနဲ့ မွှားတွေ ပိုမိုခိုအောင်း ပေါက်ဖွားတတ်ပါတယ်။ လှေးနဲ့ မွှားကိုက်ခံရရင် အရေပြား ယားယံအဖု အပိမ့်ထွက်ရုံတင်မကဘဲ ပြင်းထန်တဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ကူးစက်ရောဂါအချို့ (ဥပမာ – Scrub Typhus) ကိုပါ ကူးစက်စေနိုင်ပါတယ်။

ဒါကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေကို မိုးရေစိုခံပြီးရင် သေချာရေချိုး သန့်စင်ပေးပါ။ လှေး၊ မွှား ကာကွယ် ဆေးတွေ အသုံးပြုပေးပါလို့ ကာကွယ်ရေးလမ်းညွှန်အဖြစ် အသိပေးလိုပါတယ်။

🟥၅။ ခြကောင် / ပိုးဖလံ (Termites / Alates)

မိုးဦးကျကာလ ညနေခင်း ဒါမှမဟုတ် မိုးရွာပြီးစ ညပိုင်းတွေမှာ အိမ်ကမီးချောင်းတွေကို ဝိုင်းအုံပျံသန်းလာတတ်တဲ့ “ပိုးဖလံကောင်” ဆိုတာ တကယ်တော့ အတောင်ပံပါတဲ့ “ခြကောင်” တွေ ဖြစ်ပါတယ်။ မီးရောင်အောက်မှာ အတောင်ပံတွေ ခါချပြီး မြေကြီးထဲ ဒါမှမဟုတ် သစ်သားတွေထဲ ဝင်ကာ ခြအုံအသစ် တည်ဆောက်ကြတာ ဖြစ်ပါတယ်။

ခြတွေ၊ ဖလံတွေက လူကို ကိုက်တတ်တာ၊ အဆိပ်ရှိတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အရေပြား ထိရှ လွယ်တဲ့သူတွေ၊ ကလေးငယ်တွေရဲ့ အသားပေါ်ကို ပိုးဖလံကောင်တွေ အစုအပြုံလိုက် နားတဲ့အခါမှာ ဖြစ်စေ၊ သူတို့ခါချသွားတဲ့ အတောင်ပံ အမွှေးအမျှင်တွေနဲ့ ထိတွေ့မိတဲ့အခါမှာဖြစ်စေ အရေပြားယား ယံတာ၊ အဖုအပိမ့်ထွက်တာနဲ့ ဓာတ်မတည့်တာ (Allergy) တွေ ဖြစ်တတ်ပါတယ်။

ပိုးဖလံတွေ အိမ်ထဲ အုံလိုက်ကျင်းလိုက်နဲ့ အထမ်ထဲ မဝင်နိုင်အောင် ညဦးပိုင်းမှာ ပြတင်း ပေါက်တွေကို ပိတ်ထားပါ။ အိမ်ထဲဝင်လာရင် မီးခေတ္တပိတ်ပါ။ အိမ်အပြင်ဘက်မှာ မီးချောင်းတစ်ခု ထွန်းထားခြင်းဖြင့် အပြင်ဘက်ကို ပြန်မောင်းထုတ်နိုင်ပါတယ်။

ကျန်ရှိတဲ့ အဆိပ်ပြင်းအင်းဆက်တွေအန္တရာယ်၊ ရှေးဦးသူနာပြုစုနည်းနဲ့ ရေဘေးသင့်ဒေသတွေအတွက် အထူးသတိပြုရန်အချက်တွေကိုတော့ နောက်တစ်ပတ်မှာ အပိုင်း – ၂ အနေနဲ့ ဆက်လက်ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။

ဧရာ၀တီတိုင်းမ် ပရိသတ်များ အားလုံး မိုးရာသီမှာ ကျန်းမာရွှင်လန်းကြပါစေ။ အင်းဆက်ပိုးမွှားများ အန္တရာယ်မှ ကင်းလွတ်ကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #မုတ်သုံရာသီ #အင်းဆက်ပိုးမွှားနှင့်အန္တရာယ် #ကျန်းမာရေးဆောင်းပါး #ဒေါက်တာမိုးသစ်နေ #Ayeyarwaddy_Times

(စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။