(ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အပျက်အစီးများကြား ပိတ်မိနေ သူများနှင့် ခြေပြတ်လက်ပြတ် ပြင်းထန်ဒဏ်ရာရသူ အများအပြားရှိနေသဖြင့် သေဆုံးသူ ထပ်တိုး နိုင်ဟုဆို)
ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) ၏ ယမ်းသိုလှောင်ရုံ ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် ကောင်းတပ် ကျေးရွာတစ်ရွာလုံးနီးပါး ပျက်စီးသွားပြီး သေဆုံးသူ အရေအတွက်မှာ ၆၀ နားအထိ ကပ်လာကာ ၅၈ ဦးအထိ ရှိလာကြောင်း ဒေသခံများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ မေ ၃၁ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ ပြင်းထန်သော ပေါက်ကွဲမှုနှင့် ပတ်သက်၍ ပေါက်ကွဲခဲ့သော ယမ်းပျော့များသည် မိမိတို့ စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော ပစ္စည်းများဖြစ်ပြီး မတော်တဆ ပေါက်ကွဲခြင်း ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ယနေ့ညနေပိုင်းတွင် တရားဝင် ထုတ်ပြန်ထားသည်။

အဆိုပါ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု အရှိန်ပြင်းထန်မှုကြောင့် ကောင်းတပ်ကျေးရွာတစ်ရွာလုံးနီးပါး ပျက်စီး ဆုံးရှုံးခဲ့ရသည့်အပြင် အစုအပြုံလိုက် သေဆုံးမှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
“ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတုန်းပဲ။ အပျက်အစီးတွေကြားထဲ ပိတ်မိနေသူတွေလည်း ရှိသေး တယ်။ အလောင်းတောင် ကောက်လို့မရတဲ့ အခြေအနေတွေလည်း ရှိတယ်။ မသေဘဲနဲ့ ခြေပြတ် လက်ပြတ် ဖြစ်သွားတဲ့ ပြင်းထန်ဒဏ်ရာရသူတွေလည်း အများကြီးပဲ။ အပျက်အစီးကတော့ တစ်ရွာလုံးနီးပါးပဲ။ ပေါက်ကွဲသံက မူဆယ်နဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ဘက်အထိပါ ကြားရတယ်လို့ ပြောကြတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိအချိန်အထိ ပေါက်ကွဲမှုအတွင်း ရုပ်အလောင်း ရှာဖွေတွေ့ရှိမှုမှာ ၅၈ ဦးအထိ ရှိလာပြီး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိနေသည့်အတွက် သေဆုံးမှုနှုန်း ထပ်မံတိုးလာနိုင်သလို မြေပြင်ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်၍ သေဆုံးသူစာရင်း ထပ်တိုး လာနိုင်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။
ယခုဖြစ်စဉ်ကြောင့် ကောင်းတပ်ကျေးရွာနေ ပြည်သူများ အသက်ဆုံးရှုံးရမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးရမှုများအပေါ် များစွာ ဝမ်းနည်းပူဆွေးရပြီး ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူ စာနာဝမ်းနည်းရကြောင်း PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပေါက်ကွဲမှုဖြစ်စဉ် အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည့်အပြင် ထိခိုက်ဆုံးရှုံးခဲ့ရသော ပြည်သူများ အတွက် ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ အမြန်ဆုံး ဆောင်ရွက်ပေးနေကြောင်း TNLA က အသိပေး ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်