ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ယနေ့ ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ပေါက်ကွဲမှုမှာ မိမိတို့ စီးပွားရေးဌာနပိုင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းသုံး ယမ်းပျော့များ မတော်တဆ ပေါက်ကွဲခြင်းဖြစ်ကြောင်း ယနေ့ မေလ ၃၁ ရက် ညနေပိုင်းတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ထုတ်ပြန် ဝန်ခံထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ယနေ့ မေလ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံး ပြုရန် သိုလှောင်ထားသော ယမ်းပျော့များ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ မိဘပြည်သူများ အသက်ဆုံးရှုံးရမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးရမှုများ အပြည့်အစုံရှိခဲ့သည့်အတွက် ထိခိုက် ခံစားခဲ့ရသည့် ပြည်သူများနှင့် ကျန်ရစ်သူ မိသားစုဝင်များအတွက် များစွာ ဝမ်းနည်းပူဆွေး ရပါကြောင်းနှင့် ထပ်တူထပ်မျှ စာနာရပါကြောင်း TNLA က ဆိုသည်။
လက်ရှိတွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းများကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး ပေါက်ကွဲမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် ထိခိုက်ဆုံးရှုံးခဲ့ရသော ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်နေပြီဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ ဘောလုံးကွင်းနှင့် ဘုန်းတော်ကြီးကျောင်းအနီးရှိ ယမ်းသိုလှောင်ရုံ အဆောက်အအုံ ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၂၀ ဦးဝန်းကျင်အထိ သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး မြေပြင်သတင်းများနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတစ်ဝိုက်တွင် TNK တံဆိပ်ပါ ယမ်းထုတ်များကို တွေ့ရှိ ရကြောင်း ဖော်ပြထားပြီး ပေါက်ကွဲမှုကြောင့် ပတ်ဝန်း ကျင်ရှိ ကလေးငယ်အချို့ အပါအဝင် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် နမ့်ခမ်းမြို့ဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်၊ TNLA