ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာအနီးရှိ ယမ်းချက်စက်ရုံတစ်ခုတွင် ယနေ့ မေလ ၃၁ ရက် နေ့လယ်ပိုင်းက ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများအပြား ရှိနေကြောင်း ဒေသခံများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်တွင် ကောင်တပ်အပေါ်ရွာ ဘောလုံးကွင်းနှင့် ဘုန်းတော်ကြီးကျောင်းအနီးရှိ အဆောက်အအုံတစ်ခု (ယမ်းချက်စက်ရုံ) မှ စတင်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“နေအိမ်တွေ အတော်တော်များများ ထိတယ်။ သေတာ လောဆယ်အထိတော့ ၂၀ လောက်အထိ ရှိနေပြီကြားတယ်။ ဒဏ်ရာရတာက ၁၅ ယောက်၊ ၂၀ လောက်ရှိတယ်။ အိမ်တွေ အများကြီး ပျက်စီးသွားတယ်။ ယမ်းချက်စက်ရုံ ပေါက်ကွဲတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတွင် ဘောလုံးကန်နေသည့် ကလေးငယ်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားကို နမ့်ခမ်းမြို့ဆေးရုံသို့ ပို့ဆောင်ကုသပေး ထားကာ သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက ကောင်တပ်ကျေးရွာအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အတည် ပြုထုတ်ပြန်ထားပြီး ပေါက်ကွဲရသည့် အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၏ သတင်းထုတ်ပြန်ချက်အရ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးတစ်ဝိုက်တွင် TNK တံဆိပ်ပါ ယမ်းထုတ်များကို တွေ့ရှိရကြောင်းနှင့် ၎င်းတို့၏ မြေပြင်အဖွဲ့များကလည်း ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်