ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်
ရွေးတုအစိုးရလက်အောက်ခံ ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းသင်တန်း တက်ရောက် နေသည့် ဗိုလ်လောင်းသိန်းဟန် ထိုးကြိတ်ရိုက်နှက် သတ်ဖြတ်ခံရသည်ကို သတင်းဖုံးဖိထားရာမှ ပြင်ပသို့ ပေါက်ကြားသွားသည့်အတွက် စစ်တက္ကသိုလ်အတွင်းရှိ အရာရှိတချို့ အပါအဝင် ၎င်းတို့၏ မိသားစုဝင်များကိုပါ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ဗိုလ်လောင်းအချင်းချင်း အုပ်စုဖွဲ့ ထိုးကြိတ်နှိပ်စက်ရာမှ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှ စစ်တက္ကသိုလ်သို့ လာရောက် တက်ရောက်နေသူ ဗိုလ်လောင်းသိန်းဟန်သည် ပြီးခဲ့သည့် ဧပြီတတိယပတ်က သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကို စစ်တက္ကသိုလ်ဘက်က အပြင်လူမသိစေရန် အစအနဖျောက် ကာ သတင်းဖုံးဖိထားခြင်း ဖြစ်သည်။

“သူ့နာရေးကို စစ်တက္ကသိုလ်ထဲမှာပဲ လုပ်ထားတာ။ အဲဒီသတင်းနဲ့ဓာတ်ပုံက ဒီစစ်တပ်အသိုင်း အဝိုင်းကပဲ အပြင်ကို ပေါက်ကြားတာဆိုပြီးတော့ အရာရှိတွေနဲ့ မိသားစုဝင်တွေကို လိုက်ဖမ်းပြီး စစ်နေတာ” ဟု စစ် တက္ကသိုလ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တက္ကသိုလ်အတွင်း၌ အတန်းငယ် ဂျူနီယာဗိုလ်လောင်းများကို အကြီးတန်း စီနီယာဗိုလ်လောင်း များက အဆင့်ဆင့် ဩဇာအာဏာပြကာ အနိုင်ကျင့်ဗိုလ်ကျလေ့ရှိသည့် စရိုက်ဆိုး အလေ့အထရှိသည်။
ပြီးခဲ့သည့် ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက်ကလည်း အကြီးတန်းဗိုလ်လောင်းများက အသစ် ဝင်လာသည့် ဗိုလ်လောင်းငယ်များကို အဆောင်ခန်းများအတွင်း ဝင်ရောက်ပြီး အုပ်စုဖွဲ့ ထိုးကြိတ် ကန်ကျောက် ရိုက်နှက်နေသည့် ရုပ်သံဖိုင်အများအပြား လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ဖူးသည်။
ထိုသို့ အချင်းချင်း အနိုင်ကျင့်နှိပ်စက်ရာမှ သေဆုံးမှုများ ဖြစ်ပွားလာပါက ပြစ်မှားကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းမရှိဘဲ သေဆုံးသူ၏ မိဘအုပ်ထိန်းသူများနှင့် သက်ဆိုင်သူများကို “အစာဆိပ်သင့်၍ သေဆုံးခြင်း သို့မဟုတ် အခြားအကြောင်းအရာတစ်ခုခုကြောင့် သေဆုံးခြင်း ဖြစ်သည်” ဟူသော အကြောင်းပြချက်များဖြင့်သာ ဖုံးဖိလိမ်လည်မှုများကို အစဉ်အဆက် ပြုလုပ်လေ့ ရှိသည်။
ဓာတ်ပုံ-လူမှုကွန်ရက်