ဧရာဝတီတိုင်းမ်
မေ ၃၁ရက်
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းထူထောင်ခြင်း (၅) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ယနေ့ ၂၀၂၆ ခုနှစ်၊ မေ ၃၁ ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန်အတွက် တစ်နိုင်ငံလုံးရှိ လူငယ်များက အကြမ်းမဖက် ဆန္ဒပြလမ်းစဉ်ဖြင့် တောင်းဆိုခဲ့ကြသော်လည်း ရလဒ်တစ်စုံတစ်ရာ ရရှိမည်မဟုတ် သည့် အတွက် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြကြောင်း၊ လက်ရှိတွင် လက်နက်ကိုင်တော်လှန်ရေး ကာလသည် ၅ နှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အဆိုပါ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ပြင် စစ်အာဏာရှင်ကို နောက်မဆုတ်တမ်း ကြံ့ကြံ့ခံတော်လှန်နေသည့် အဖွဲ့အစည်းများနှင့် မဟာမိတ် တပ်ဖွဲ့များကြောင့် အာဏာလုစစ်အုပ်စု ထိန်းချုပ်ထားသော မြို့ပြအချို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး တော်လှန် ရေးအရှိန်သည် ဆက်လက်မြင့်မားကာ ရှေ့သို့ ရွေ့လျားလျက်ရှိကြောင်း ULA/AA က ဆိုထားသည်။
ထို့အပြင် ၅ နှစ်တာကာလအတွင်း တော်လှန်ရေး၏ ဆုံးရှုံးမှုနှင့် ဆင်းရဲဒုက္ခများကို ကရင်နီပြည်သူ လူထုတစ်ရပ်လုံးသည် စစ်အာဏာရှင်စနစ်ကို မလိုလားသော ပြည်မာပြည်သူတစ်ရပ်လုံးနှင့်အတူ နေရာဒေသမတူသော်လည်း စစ်တပ်၏ အကြမ်းဖက်မှုမျိဲးစုံကို တူညီစွာ ခံစားခဲ့ကြရပြီး ဖြစ်သည်။
KNDF အနေဖြင့် ၅ နှစ်တာအတွင်း မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ရာ ကရင်နီဒေသနှင့် ရှမ်းမြောက်ဒေသအပါအဝင် နေရာအချို့တွင် မြို့ကြီးများနှင့် မြို့နယ်အချို့ကို သိမ်းပိုက်ရရှိထားပြီး လက်ရှိတွင် ၎င်းတို့ထိန်းချုပ်နယ်မြေများ၌ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားဖြင့် အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီဖြစ် ကြောင်းလည်း ထည့်သွင်းချီးကျူးထားသည်။
ULA/AA အနေဖြင့် KNDF ၏ ၅ နှစ်တာ တော်လှန်ရေးခရီးအတွင်း အသက်၊ သွေး၊ ချွေး၊ ဘဝများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ကြသည့် ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော် များ၏ ပေးဆပ်မှုကို လေးနက်စွာ တန်ဖိုးထားအသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။
သဝဏ်လွှာ၏ အဆုံးသတ်တွင် ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့် KNDF မှ မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ အချိန်တိုအတွင်း အမြန်ဆုံး ပြည့်မြောက်နိုင်ပါစေကြောင်း ULA/AA က ဆုမွန်ကောင်းတောင်းထားသည်။
ဓာတ်ပုံ-KNDF