ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စုတွင် ရွေးတုအစိုးရခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လက်အောက်ခံ ရဲ၊ စစ်သား၊ ပြည်သူ့စစ်၊ ပျူစောထီးများက ဒေသခံများနှင့် နယ်ဝေးမှ လာရောက် လုပ်ကိုင်နေသည့် လူငယ်များကို ညစဉ် ဧည့်စာရင်းစစ်ဆေးကာ အကြောင်းပြ၍ ဖမ်းဆီးနေပြီး ပြည်သူ့ စစ်မှုထမ်းအတွက် ငွေကျပ်သိန်းရာချီဖြင့် ရောင်းစားနေကြောင်း ဒေသခံများထံမှ သိရသည်။

ဓနုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြတ်ခိုင်၊ ပြည်သူ့စစ်များဖြစ်ကြသည့် ဦးခင်မောင်ဌေး၊ ဦးသန်းစိုးတို့သည် ဓနုံးကျေးရွာ၊ ယာဉ်တော်စံကျေးရွာ၊ ကုလားရွာနှင့် အခြားကျေးရွာများတွင် အကြောင်းအမျိုးမျိုးပြကာ ညစဉ် ဧည့်စာရင်း လိုက်လံစစ်ဆေးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အုပ်ချုပ်ရေးမှူး ကျော်မြတ်ခိုင်ဆိုရင် အခု ကားတွေတောင် အပြောင်းအလဲနဲ့ စီးနေတာ။ ပြည်သူ့စစ် ခင်မောင်ဌေးလည်း အရင်က ဆိုင်ကယ်ပဲ ရှိတာ၊ အခုဆို ကားတောင် အပြောင်းအလဲနဲ့ စီးနိုင်နေပြီ။ လူငယ်တွေကို ရောင်းစားပြီး ရတဲ့ငွေတွေနဲ့ ချမ်းသာနေကြတာ” ဟု ဓနုံးကျေးရွာအုပ်စုရှိ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ဖမ်းဆီးရမိသည့် လူငယ်အချို့ကို ရွေးတုအစိုးရစစ်တပ်အတွင်းသို့ စစ်မှုထမ်းရန် အစားထိုး လိုသူများထံသို့ ငွေကြေးအမြောက်အမြားဖြင့် ပြန်လည်ရောင်းစားခြင်းများ ပြုလုပ်နေပြီး လူငယ် တစ်ဦးလျှင် ငွေကျပ် သိန်း ၇၀ မှ သိန်း ၁၂၀ အထိ တောင်းယူကာ လူပွဲစားသဖွယ် ရောင်းစားနေကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့သည် ၎င်းတို့နှင့် ရင်းနှီးမှုမရှိသည့် မိသားစုများနှင့် လူငယ်များကို အဓိက ပစ်မှတ်ထားကာ ဖမ်းဆီးနေသောကြောင့် ဓနုံးကျေးရွာအုပ်စုအတွင်းရှိ လူငယ် များမှာ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်၊ ပျူစောထီးအဖွဲ့များ၏ ရိုက်နှက်ခြိမ်းခြောက် မှုများ ရှိနေသော်လည်း ၎င်းတို့ကို မည်သူမျှ ထုတ်ဖော်ပြောဆိုရဲခြင်း မရှိဘဲ ကျေးရွာအုပ်စုအတွင်း အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေကြရကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။