ဧရာဝတီတိုင်းမ်
မေ ၃၀ရက်

‎ရက္ခိုင်ပြည်သူ့တော်လှန်ရေးအစိုးရနှင့် အာရက္ခပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆင်နွှဲနေသည့် တော်လှန်ရေးမှာ ရခိုင်ပြည်တစ်ဝန်းလုံးနီးပါးအား သိမ်းပိုက်ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကာ ရာနှုန်းပြည့်အောင်မြင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ပြီး မြောက်ဦးမြို့ပြ တည်ဆောက်ရေးစီမံကိန်း ဖော်ဆောင်နေဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ယမန်နေ့ (မေလ ၂၉ ရက်) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

‎အဆိုပါအောင်မြင်မှုများသည် အာရက္ခစစ်သည်တော်များ၏ အသက်၊ သွေး၊ ချွေးမြောက်မြားစွာ ပေးဆပ်မှု၊ ပြည်သူလူထု၏ တာဝန်ကျေပွန်မှုတို့ကြောင့် ဖြစ်သော်လည်း တစ်ဖက်တွင် မဟာမိတ်အဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် အမျိုးသားသစ္စာဖောက်အချို့၏ နှောင့်ယှက်တိုက်ခိုက်မှုများကိုလည်း ဘက်စုံရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ရှုံးစစ်တပ်သည် အာရက္ခပြည်သူများနေထိုင်ရာ မြို့ရွာများအား လက်နက်ကြီး၊ လေကြောင်းများဖြင့် အပြင်းအထန် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေသည်ဟု ဆိုသည်။

‎ULA အနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ၊ ရပ်ရွာနှင့် ကျေးလက်ဖွံ့ဖြိုးရေး စသည့် နိုင်ငံတည်ဆောက်ရေးကဏ္ဍများနှင့် ပြည်သူ့ဝန်ဆောင်မှုများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

‎ယခင် ခေတ်အဆက်ဆက်က စနစ်တကျမရှိဘဲ လျစ်လျူရှုခဲ့ခြင်း၊ မြို့ပြစီမံကိန်းများကို နည်းလမ်းမှန်ကန်စွာ မဆောင်ရွက်ခဲ့ခြင်းနှင့် ကိုယ်ကျိုးရှာစီးပွားရေးသမားများ၏ ကျူးကျော်မှုများကြောင့် ရခိုင်ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးတွင် စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေရသဖြင့် စနစ်တကျ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် “မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများ” ကို ဖွဲ့စည်းကာ အားသွန်ခွန်စိုက် ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‎အထူးသဖြင့် ရခိုင်ပြည်သူပြည်သားများ အသက်တမျှတန်ဖိုးထားသော နှလုံးသည်းပွတ်ဖြစ်သည့် ကမ္ဘာ့အမွေအနှစ်ဝင် “မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဇုန်” အား သန့်ရှင်းသပ်ရပ်စွာဖြင့် ရေရှည်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကမ္ဘာ့အဆင့်မီ တည်ရှိနေစေရန် ရည်ရွယ်ချက်ဖြင့် “မြောက်ဦးမြို့ပြတည်ဆောက်ရေးစီမံကိန်း” ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းလည်း အသိပေးထားသည်။

‎သက်ဆိုင်သည့်မြေယာပိုင်ရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုရှိပြီး နယ်နိမိတ်သတ်မှတ်ခြင်းနှင့် သင့်တင့်သောငွေကြေးပေးဆောင်မှုများပါ လုပ်ဆောင်နေသည်ဟုဆိုသည်။