ဧရာဝတီတိုင်းမ်
(ချင်းပြည်)၊ မေ ၃၀ ရက်

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တွင် စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ပြည်သူများ နေအိမ်များစွန့်ခွာ တိမ်းရှောင်နေရသည့် အခြေအနေတွင် နေအိမ်များ ဖောက်ထွင်းခံရမှု များပြားနေကြောင်း ဒေသခံများထံမှ သိရသည်။

 

မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့နယ်များအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စစ်ကော်မရှင်၏ ထိုးစစ်ဆင်မှုများကြောင့် မြို့ပေါ်ရှိ ဒေသခံပြည်သူများသည် နေအိမ်များကို စွန့်ခွာပြီး ဘေးလွတ်ရာတွင် တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

 

“ကန်ပက်လက်မြို့နယ်ဘက်ကို စစ်ကော်မရှင် စစ်ကြောင်းထိုးကတည်းက လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဥ်ရက်ဆက် ပြုလုပ်တယ်။ အဲဒါကြောင့် မြို့ခံတချို့တွေ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ကင်းရာကို တိမ်းရှောင်နေကြရတယ်” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထိုသို့ ဒေသခံပြည်သူများ နေရပ်စွန့်ခွာသွားသဖြင့် လူမရှိဘဲ အလွတ်ဖြစ်နေသည့် လူနေအိမ်များကို မသမာသူလူတစ်စုက ဝင်ရောက်ဖောက်ထွင်းပြီး နေအိမ်အတွင်းရှိ အဖိုးတန်ပစ္စည်းများကို ခိုးယူမှုများ ကျူးလွန်နေကြောင်း သိရှိရသည်။

 

“ကျတော်တို့ အိမ်ကတော့ ညဘက်မှာ ဖောက်ထွင်းခံရတာပါ။ အိမ်မှာရှိတဲ့ အတွင်းပစ္စည်းတွေ အခိုးခံရတယ်။ တခြားလူတွေကို မေးကြည့်တာ သူတို့ကလည်း ညဘက်တွေမှာ အခိုးခံရတာလို့ ပြောကြတယ်။ ညဘက်မှာ ဖောက်ထွင်းတာပိုများတယ်”ဟု မင်းတပ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ခုခံတော်လှန်ရေးကာလတွင်း လက်ရှိတွင် ကန်ပက်လက်မြို့ နှင့် မင်းတပ်မြို့ကို သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များက ဒေသန္တရအမိန့် ညမထွက်ရအမိန့်ကိုလည်း အသီးသီး ထုတ်ပြန်ထားကြောင်းသိရသည်။