ဧရာတတီတိုင်းမ်
(တနင်္သာရီ)၊ မေ ၃၀ ရက်
တနင်္သာရီတိုင်း၊ ကေအဲန်ယူအုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တနင်္သာရီချောင်းမကြီးနဘေး ရှိ ကျောက်လုံးကြီးကျေးရွာအတွင်း နှစ် ၂၀ ကျော်ကြာတပ်စွဲထားသည့် စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
လယ်ဖဒို(ကျောက်လုံးကြီး)စခန်းကို ပြီးခဲ့သည့်မေ ၁၉ ရက်နေ့မှစတင်ကာ KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ မေ၂၉ ရက်နေ့ ညနေလေးနာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါစခန်းကို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊အမှတ်(၂)ဗျူဟာမှ နှစ် ၂၀ ကျော်တပ်စွဲထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ခုနှစ်တွင် စခန်းစွန့်ခွါထွက်ပြေးတိမ်းရှောင်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ခမရ-၄၃၃ တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် ဗျူဟာကာကင်းတစ်ခုအနေဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲအခြေပြုခဲ့ခြင်း ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲတွင် အသက်နှင့်ခန္ဓာပေးဆပ်ခဲ့သော သူရဲကောင်းများ၊ ပြည်သူလူထုများ၊ ရဲရင့်စွာကြိုးစားအားထုတ်ပေးဆပ်ကြသည့် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၊ ခေါင်းဆောင်(အရာရှိ)များ၊ စစ်သည်တော် (ကျား/မ)များအားလုံး၊ မဟာမိတ်အဖွဲ့များအားလုံးကိုတန်ဖိုးထားဂုဏ်ပြုကြောင်း KNU ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ခိုက်မှုများကို ကရင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄) ဗျူဟာအမှတ်(၁)ဦးဆောင်မှုဖြင့် K.N.D.Oတပ်ရင်း(၇)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။