‎ဧရာဝတီတိုင်းမ်
‎မေ ၃၀ ရက်

‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ရွေးတုအစိုးရစစ်တပ်၏ တပ်စခန်းများကို AAက ပစ်ခတ်တိုက်ခိုက်နေပြီး အပြန်အလှန် ပစ်ခတ်သံများထွက်ပေါ်နေကြောင်း သိရသည်။

‎ပြီးခဲ့သည့် မေ ၂၆ရက်မှ မေ ၂၈ရက်နေ့အထိ စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်စခန်းအနီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး AAက ရေတပ်စခန်းအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ရွေးတုအစိုးရ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

‎”စစ်တွေမှာ ပြန်ပြီးပစ်ခတ်တာက မေ၁၃ရက်ကစတယ်။ အခု ရက်ပိုင်း တိုက်ပွဲပြန်ဖြစ်လာတယ်ပြောတယ်။ ရေတပ်ထဲလည်း ထိခိုက်မှုများတယ်လို့ ပြန်သိရပါတယ်” ဟု စစ်တွေသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ဝါဘိုဘက်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်သံများကြားနေရပြီး ပါဒလိတ်နှင့် ရသေ့တောင် မိုးစဲကျွန်းအနီးတွင်လည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့သည်။ ပုဏ္ဏားကျွန်းနှင့် ပေါက်တောဘက်ကို စစ်တပ်က ပစ်ခတ်မှုများပြုလုပ်သည်ဟုလည်း သိရသည်။

‎ထိုသို့ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ရွေးတုအစိုးရစစ်တပ်က မေ ၂၈ရက် နေ့လယ်ပိုင်းတွင် ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာအနီး တောင်တန်းများကို ဂျက်ဖိုက်တာ လေးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်နေ့တည်းတွင်ပင် ပုဏ္ဏားကျွန်းမြို့နယ်ကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့သည်။

‎ရွေးတုအစိုးရစစ်တပ်က ရွှေမင်းဂံရေတပ်စခန်းအတွင်းကို အင်အားအလုံးအရင်း ဖြည့်တင်းထားသည့်အပြင် ရဲရိုးပြင်ဘက်ကိုလည်း ရေယာဉ်များသုံးပြီး အင်အားဖြန့်ကျက်မှုများ လုပ်ဆောင်ထားသည်။ ကမ်းနားလမ်းတလျှောက်ကိုလည်း ခြံစည်းရိုးများပြုပြင်၍အခိုင်အမာကာရံကာ ဘန်ကာများကိုပါဆောက်လုပ်ထားသည်။

‎စစ်တွေမြို့အတွင်းကိုလည်း အင်အားများဖြည့်တင်းထားပြီး အသင့်အနေအထားဖြင့် ကင်းလှည့်မှုများ လုပ်ဆောင်နေကာ မူစလင် ဒုက္ခသည်စခန်းများအတွင်း ဝင်ရောက်ပြီး အကြမ်းဖက် ဖမ်းဆီးမှုများပါ ပြုလုပ်လာကြောင်း သိရသည်။

ဓာတ်ပုံ-၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အာရက္ခတပ်တော်က သိမ်းဆည်းရရှိတဲ့ စစ်သင်္ဘော