ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ- ငသိုင်းချောင်းလမ်းရှိ အမြောက်တပ် ၃၄၄ ကို ပိတ်ဆို့တိုက်ခိုက်ခံရပြီး အထိနာနေသည့်အတွက် တပ်အတွင်းမှ တပ်ရင်း နှစ်ရင်းကို အပြောင်းအလဲပြုလုပ်၍ ခေါ်ထုတ်နေကြောင်း သိရသည်။
ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် အတွင်းမှ ပုသိမ် ဝါးယားချောင်း ခလရ ၁၁ နှင့် ဓနုဖြူ ခမရ ၁၀၈ တပ်နှစ်ခုမှ အထိနာနေသည့် တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် မေ ၂၆ရက်နေ့က စစ်ကား ၁၄စီးဖြင့် အမြောက်တပ်မှနေ၍ ပုသိမ်ကို ပြန်လည် ခေါ်ထုတ်လာခြင်းဖြစ်သည်။
ထို့နောက် စစ်ယာဉ်တန်း အစီး ၄၀ခန့် အမြောက်တပ်ဘက်ကို ပြန်လည်ဝင်ရောက် အင်အားဖြည့်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များကဖော်ပြသည်။
”အထိနာနေတဲ့တပ်တွေကို ပြန်ဆွဲထုတ်တယ်။ တပ်အပြောင်းအလဲလုပ်တယ်။ အောင်ပွဲရပြီးပြန်လာတယ်ဆိုပြီး ဝါဒဖြန့်မယ်။ AAနဲ့ရင်ဆိုင်နေရတဲ့ နေရာတွေမှာ အဓိကထားလုပ်လာတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အမြောက်တပ် ၃၄၄တွင် တပ်မ ၆၆လက်အောက်ခံတပ်ရင်းများကို အဓိကအသုံးပြုပြီး ဧရာဝတီအခြေစိုက်တပ်ရင်းနှစ်ရင်းကို အထိနာနေသည့်အတွက် ပြန်လည်ခေါ်ထုတ်ကာ စစ်မှုထမ်းတပ်သားသစ် အများစုပါဝင်သည့် စစ်ယာဉ်တန်းများကို ပြန်လည် အားဖြည့်လာခြင်း ဖြစ်သည်။
သာပေါင်း ခမရ ၃၀၈၊ ကန်ကြီးဒေါင့် အမတ ၅၀၅၊ အိမ်မဲ ခလရ ၆၃၊ ကျုံပျော် ခလရ ၃၆တို့သည် အမြောက်တပ်နှင့် အနီးဆုံးဘေးနံတပ်များအဖြစ်တည်ရှိနေပြီး တပ်မ ၆၆တပ်ရင်းများအပြင် ရန်ကုန်အခြေစိုက်တပ်ရင်းများပါ အမြောက်တပ်အတွင်း ရောက်ရှိနေကြောင်း သိရသည်။
ထို့သို့ အင်အားအလှည့်အပြောင်းလုပ် စစ်ကူများဖြည့်နေသော်လည်း အထိနာနေသည့် ရွေးတု စစ်တပ်က ပြီးခဲ့သည့် မေ ၂၇ ရက်ညပိုင်းက ရေကြည်မြို့နယ်အတွင်းရှိ တောင်စမ်း၊ ကျောက်ချောင်း၊ ဖန်းခါးပြင် ကျေးရွာများကို ဗုံး ငါးလုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ-အမတ ၃၄၄