ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
စစ်တပ်က အာဏာသိမ်းပြီးနောက် အဓမ္မဖမ်းဆီး အကျဉ်းချခံထားရသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် လာမည့် ဇွန်လတွင် ကမ္ဘာလုံး ဆိုင်ရာ ကမ်ပိန်းတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris ထံမှ သိရသည်။
အဆိုပါ ကမ်ပိန်းကို လာမည့် ဇွန်လ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ၈၁ နှစ်ပြည့် “၈၁” ကိန်းဂဏန်းကို အထိမ်းအမှတ်ပြုသည့်အနေဖြင့် ခြေလှမ်း ၈၁,၀၀၀ လျှောက်ခြင်း၊ မိုင် ၈၁ မိုင် စက်ဘီးစီးခြင်း အစရှိသည့် လှုပ်ရှားမှုများတွင် ပါဝင်ကြရန် နှိုးဆော်ထားသည်။

“စစ်အာဏာရှင်တွေက မေမေ့ကို လူမသိတဲ့နေရာတစ်ခုကနေ နောက်ထပ် လျှို့ဝှက်နေရာတစ်ခုကို ရွှေ့ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။ ဒါဟာ လွတ်လပ်မှုမဟုတ်ပါဘူး။ အာဏာလုပြီး ငါးနှစ်ကျော် ကြာပြီးနောက်မှာတောင် မေမေ သက်ရှိထင်ရှား ရှိနေသေးရဲ့လားဆိုတဲ့ လွတ်လပ်စွာ အတည်ပြုထားတဲ့ သက်သေကို တစ်ကမ္ဘာလုံး သိခွင့်မရသေးပါဘူး” ဟု သားဖြစ်သူ ကိုထိန်လင်းက ပြောကြားသည်။
လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၈၁ နှစ် ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါ မွေးနေ့ကမ်ပိန်းတွင် အများပြည်သူများ တစ်ခဲနက် ပါဝင်ပေးကြရန် သားဖြစ်သူ ကိုထိန်လင်းက တောင်းဆိုထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့တွင်လည်း လူထုလှုပ်ရှားမှုအဖြစ် လမ်းစုလျှောက်ခြင်း အစီအစဉ်များကို ပြုလုပ်ခဲ့သည်။
ဓာတ်ပုံ – Kim Aris၊ လူမှုကွန်ရက်