ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

 

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းတွင် ရွေးတုအစိုးရစစ်တပ်၏ ထောက်ပို့ကား တစ်စီးကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ခြောက် ဦး သေဆုံးပြီး သုံး ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ မေ ၂၉ ရက် တွင်ထုတ်ပြန်သည်။

မင်းဘူးမြို့နယ် ပကဖ၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-အရှိုCDF-Ashoနှင့် လူ့ဘောင်သစ်တပ်မတော် (NSA) ပူးပေါင်းတပ်ဖွဲ့သည် စစ်တပ်ထောက်ပို့ကားကို ယမန်နေ့ မေ ၂၈ ရက်နေ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ ပြီးနောက် မိနစ် ၂၀ နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

စစ်တပ်ထံမှ အူဇီ (Uzi) သေနတ် သုံးလက်၊ MA-1 ရိုင်ဖယ် နှစ်လက်၊ MA-2 စက်သေနတ်တို ၁လက်၊ ၅.၅၆ မမ ကျည်လက်ဆွဲဘောက် ၁လုံး၊ ၁၂၂ မမ MLRS ရှော့တိုက်ဒုံးစနစ်သုံး ရော့ကတ်ပို့ယမ်းသေတ္တာ ခြောက်လုံး၊ ၁၂၂ မမ MLRS ရော့ကတ်ဒုံးသီး ၂၈လုံးနှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုသည် ရွေးတုအစိုးရစစ်စခန်းများနှင့် နီးကပ်သောနေရာတွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်‌ထားသည်။

 

ဓာတ်ပုံ-ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ။