ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊မေ ၂၉ ရက်

 

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ရွေးတုအစိုးရ စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွား တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

စစ်တပ်သည် ယမန်နေ့ မေ ၂၈ ရက်၊ နေ့လယ်ပိုင်းက ဆမီးမြို့ရှိ ဝါရူးကျေးရွာနှင့် ကယက်ကျေးရွာကြားရှိ ကျေးရွာချင်းဆက်လမ်းကို မည်သည့်စစ်ရေးလှုပ်ရှားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

 

“ဒေသခံ အရပ်သားတွေ အသုံးပြုတဲ့ ရွာချင်းဆက် လမ်းကို စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းနဲ့ နှစ်ကြိမ် ဗုံးကြဲသွားတာပါ။ ပထမအကြိမ် ဗုံးသီးတစ်လုံး ကြဲတယ်။ ဒုတိယအကြိမ် ဗုံးသီး သုံးလုံး ထပ်မံ ကြဲသွားပါတယ်။ စုစုပေါင်း ဗုံးသီး လေး လုံးပါ။ လမ်းကိုပဲ ကြဲသွားတာ”ဟု ဆမီးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လမ်းကို အသုံးပြုနေသည့် ခရီးသွား အမျိုးသားတစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် ခရီးသွားနှစ်ဦးမှာလည်း ပြင်းထန် ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

 

ရွေးတု အစိုးရစစ်တပ်သည် လေကြောင်း တိုက်ခိုက်မှု မပြုလုပ်မီ ယမန်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်အထိ Y-12 လေယာဉ်ဖြင့် ၅ ကြိမ်တိုင်တိုင် လာရောက်ကင်းထောက်ဝဲပျံခဲ့ပြီးနောက် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ဗုံးမကြဲခင် မနက်ပိုင်းမှာ အရင်ဆုံး လေယာဥ်တစ်စီးနဲ့ ကင်းထောက်သွားပါတယ်။ လမ်းတလျှောက် လုံးကို ပတ်ကင်းထောက်သွားတယ်။ နောက်ပြီးမှ ဂျက်ဖိုက်တာတစ်စီးက ထပ်လာပြီး ကင်းထောက်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်သွားတာပါ”ဟု ဆမီးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် စစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်လာနိုင်သည့်အတွက် လမ်းခရီးသွားလာသူများနှင့် ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်နေပြီး လုံခြုံရေးသတိဖြင့် နေထိုင်နေကြရသည်။

 

ရွေးတုအစ်ိုးရ စစ်တပ်သည် ပလက်ဝမြို့နယ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်၊ မတူပီ၊ မင်းတပ် စသည့်မြို့နယ်များကိုလည် မြေပြင် စစ်ကြောင်းများ ထိုးစစ်ဆင်နေသလို လေကြောင်း တိုက်ခိုက်မှုများလည်း ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

 

ထို့ပြင် ဒေသတွင်း၌ လုံခြုံစိတ်ချရသည့် ဗုံးခိုကျင်းများ ပြည့်စုံစွာ တည်ဆောက်ထားနိုင်ခြင်း မရှိသေး သဖြင့် ယခုကဲ့သို့ လေကြောင်းရန် ထပ်မံကြုံတွေ့ရပါက ထိခိုက်မှု ပိုမိုများပြားနိုင်ကြောင်း ဒေသခံ များထံမှ သိရသည်။

 

ပုံစာ-လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွေ့ရစဉ်