နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

အာဏာသိမ်းပြီးနောက် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ဖန်တီးရယူထားသော ရွေးတုသမ္မတအဖြစ် ပထမဆုံး သွားရောက်မည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်သည် အာဆီယံအပါအဝင် နိုင်ငံတကာ၌ တရားဝင်မှုရအောင် ကြိုးပမ်းနေခြင်းဖြစ်၍ အိန္ဒိယအစိုးရအနေဖြင့် ပြည်သူ့မျှော်မှန်းချက်များကို အလေးထားရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထောက်ပြတိုက်တွန်းသည်။

စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတအဖြစ် မနက်ဖြန် မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ ငါး ရက်ကြာ ခရီးစဥ်နှင့် ပတ်သက်၍ မြို့တော် နယူးဒေလီတွင် ဆန္ဒပြပွဲများ ပြုလုပ်သလို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံသို့လည်း မေ ၂၇ ရက်စွဲဖြင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကန့်ကွက်သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

“သူက တရားဝင်တယ်ဆိုတဲ့ တရားဝင်မှုကို အသဲအသန် လိုချင်နေတဲ့ သဘောရှိတယ်။ အဲအတွက်ကြောင့်မို့ ဒါကိုရဖို့အတွက် အာဆီယံကို ရုရှားအကူအညီနဲ့ဝင်ဖို့ ကြိုးစားနေတာရှိသလို အခြားသော နိုင်ငံကြီးတွေနဲ့ လိုက်တွေ့ပြီးတော့ သူ့ကို တရားဝင်မှုပေးဖို့ ကြိုးစားနေတာရှိတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရွေးတုသမ္မတနှင့် ထိတွေ့ဆက်ဆံရန် စဉ်းစားနေသော နိုင်ငံ၊ ခေါင်းဆောင်တိုင်းကို မြန်မာ့အရေး အခြေအနေနှင့် ပတ်သက်၍ NUG အနေဖြင့် အမြဲမပျက် သတင်းအချက်အလက်များ ပေးပို့တိုက်တွန်းခြင်းတို့ လုပ်ကိုင်နေပြီး ယခုအိန္ဒိယခရီးစဉ် ကိစ္စရပ်သည်လည်း ထိုဆောင်ရွက်မှုများ၏ လုပ်ငန်းစဉ် တစ်ခုသာပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

NUG သဝဏ်လွှာတွင်လည်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရကို မထောက်ခံသွားရန်၊ အိန္ဒိယနိုင်ငံအနေဖြင့် ဒီမိုကရေစီ အခြေခံမူများ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် မြန်မာပြည်သူတို့၏ မျှော်မှန်းချက်များအား အလေးထားသော နည်းလမ်းမျိုးဖြင့်သာ ဆက်လက်ထိတွေ့ ဆက်ဆံပေးရန် မေတ္တာရပ်ခံ၊ တောင်းဆိုတိုက်တွန်းထားကြောင်း ဖော်ပြချက်အရ သိရသည်။

ယင်းအပြင် ထိုခရီးစဉ်အတွက် များစွာစိုးရိမ် ပူပန်မိပြီး စစ်အုပ်စု၏ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ရှည်လျားသော ပဋိပက္ခ၊ မတည်ငြိမ်မှုနှင့် ကြီးမားလှသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဒုက္ခများ ခံစားနေချိန် ယင်းတို့ကို နိုင်ငံရေးအရ တရားဝင်မှုပေးသည်ဟု ရှုမြင်နိုင်သော မည်သည့်ထိတွေ့ ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်သင့်ကြောင်း ဖော်ပြထားသည်။

အလားတူ ရွေးတုသမ္မတ၏ ငါးရက်ကြာ အိန္ဒိယခရီးစဉ်အပေါ် Burma House-New Delhi က ဦးဆောင်၍ နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားများကလည်း ထိုမြို့ရှိ Jantar Mantar တွင် ယမန်နေ့ မေ ၂၈ ရက်၌ တရားဝင် ခွင့်ပြုချက်ဖြင့် ကန့်ကွက်ဆန္ဒပြကြသလို မနက်ဖြန် မေ ၃၀ ရက်တွင်မူ မြန်မာသံရုံးရှေ့၌ ထပ်မံပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် ၏ ဖိတ်ကြားချက်အရ တရားဝင် သွားရောက်မည်ဖြစ်ပြီး အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများ၊ စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်ပါ ခရီးစဉ်အတွင်း တွေ့ဆုံ၍ ကဏ္ဍစုံ ပူးပေါင်းရန် ဆွေးနွေးသွားမည်ဟု ၎င်းတို့ဝါဒဖြန့် သတင်းစာအရ သိရသည်။

သို့သော် ရွေးတုသမ္မတသည် မူလအစီအစဉ်အရ အိန္ဒိယနိုင်ငံတွင် လာမည့်ဇွန် ၁ ရက်၌ ကျင်းပမည့် International Big Cat Alliance (IBCA) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ဖြစ်ပြီး ထိုအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်၍ ချစ်ကြည်ရေး ခရီးစဉ်ပုံစံမျိုး လာရောက်ခြင်းဖြစ်ကာ ယင်းခရီးစဉ်အတွင်း ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံရန်ရှိကြောင်း အိန္ဒိယအစိုးရဘက်က ထုတ်ပြန်ထားသည်။

ရွေးတုသမ္မတသည် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာသို့ သွားရောက်မည်ဖြစ်ပြီး လာမည့်ဇွန် ၁ ရက်တွင် မြို့တော်နယူးဒေလီ၌ ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံဆွေးနွေး၍ စီးပွားရေး ဖိုရမ်တစ်ခုကိုလည်း ပါဝင်တက်ရောက်ရန်ရှိကာ ဇွန် ၂ ရက်တွင်မူ စီးပွားရေးနှင့် စက်မှုလုပ်ငန်း ကိစ္စရပ်များ လေ့လာသွားမည်ဟု သိရသည်။

ဓာတ်ပုံ-MOI