ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

 

အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များနှင့် သက်တမ်း နှစ် ၂၀ ရှိ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံပြီး လျှပ်စစ်သုံးယာဉ် (EV) ကား ပြန်လည်တင်သွင်းရန်အတွက် လိုအပ်သော နိုင်ငံခြားငွေကို ရွေးတုအစိုးရ၏ ဗဟိုဘဏ်က သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ယမန်နေ့ မေ ၂၈ ရက်နေ့က ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ကျင်းပခဲ့သည့် စက်သုံးဆီများ ဖူလုံစွာသုံးစွဲနိုင်ရေး အစည်းအဝေးတွင် ရွေးတုသမ္မတ မင်းအောင်လှိုင်က ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံပြီး EV ကားများ တင်သွင်းခွင့် ပြုမည်ဟု ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ်ထောက်ခံချက်ပုံစံ (ဃ) ကို တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သည့် EV ယာဉ်တစ်စီး တင်သွင်းနိုင်ရန်အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီက စိစစ်၍ အစားထိုး တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ရွေးတုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ထို့ပြင် မော်တော်ယာဉ် သက်တမ်း ၂၀ နှစ် မကျော်သေးသော်လည်း မိမိဆန္ဒအလျောက် အပ်နှံလိုသည့် ယာဉ်များကိုလည်း အပ်နှံသည့်ယာဉ်၏ တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးယာဉ် (EV) နှင့် အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

“တရုတ် Brand တွေကို လူကြိုက်များကြတယ်။ ဒါပဲရှိတာ။ အခု EV တံဆိပ်အစုံမဝင်သေးဘူး။ ဝယ်ချင်တဲ့သူတော့ ရှိတယ်။ ဒါပေမဲ့ ကားတင်သွင်းခွင့်လိုင်စင် ချမပေးတော့ EV ကားက ရောင်းစရာမရှိဘူး” ဟု ကားတင်သွင်းသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

လက်ရှိထုတ်ပြန်ထားသည့် မော်တော်ယာဉ်မူဝါဒတွင် ယာဉ်သက်တမ်း နှစ် ၂၀ ရှိသော ယာဉ်အိုယာဉ် ဟောင်းများ အပ်နှံပြီး ပြန်လည်တင်သွင်းခွင့်ပြုရာ၌ လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်ထုတ် မော်ဒယ်မြင့်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံအတွင်း၌ မော်တော်ယာဉ် EV တင်သွင်းခွင့် ရရှိထားသည့် ကုမ္ပဏီ ၈၀ ကျော်ရှိသော်လည်း ၂၀၂၁ ခုနှစ်မှ ယနေ့အချိန်အထိ EV အစီးရေ ၅၀၀ ကျော်သာ တင်သွင်းခွင့် ရရှိထားသေးကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်