ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
စစ်တပ်အာဏာသိမ်းလိုက်သဖြင့် စစ်မက်ဖြစ်ပွားရာဒေသ ပိုမိုကျယ်ဝန်းလာရာ ယခုနှစ်တွင် စစ်ဖြစ်ပွားရာဒေသရှိ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပြန်တက်ရောက်ရန် placement test ဖြေဆိုခွင့်ရရေးအတွက် စာရွက်စာတမ်းတောင်းဆိုမှုကြောင့် အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ placement test ဖြေဆိုရန်အတွက် ယခင်တက်ခဲ့သောကျောင်းထောက်ခံချက်မူရင်း သို့မဟုတ် မိတ္တူ တင်ပြနိုင်ခြင်းမရှိပါက မြို့နယ်ပညာရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်အရ အရေးပေါ်အခြေအနေကြေညာထားသည့်မြို့နယ်မှ ကျောင်းသားများဟုတ်၊ မဟုတ်အတည်ပြုချက် အိမ်ထောင်စုစရင်းမူရင်းတင်ပြရမည်ဖြစ်ကြောင်း ရွေးတုအစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အာဏာသိမ်း ငါးနှစ်အတွင်း လွတ်သွားသော ပညာရေးတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်ပြုရာတွင် ယခင်တက်ခဲ့သောကျောင်းထောက်ခံချက်နှင့် အိမ်ထောင်စုစာရင်းမူရင်းပြရမည့်ဆိုသည့်အချက်က စစ်ဖြစ်ပွားနေသည့်ဒေသရှိ မိဘများအတွက် အခက်အခဲများစွာဖြစ်နေကြောင်း ကောလင်းမြို့နယ်ရှိ မိခင်တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ရွေးတုအစိုးရကျောင်းများရှိ ဆရာများက placement test ဖြေဆိုလိုသူကျောင်းသား၏ ပညာရေး နောက်ခံသမိုင်းအချက်အလက် ထောက်ခံပေးရန် ငြင်းဆိုမှုများရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အလယ်တန်းအဆင့် တက်ရောက်ပညာသင် ကြားနေသော်လည်း ယခင်ပျက်ကွက်သွားသည့် မူလတန်းအတွက် ထောက်ခံချက်ရရှိရန်ခက်ခဲနေကြောင်းလည်း သိရသည်။

“ သားလေးက ၂၀၁၉ တုန်းက Grade 1 ပေါ့။ ကိုဗစ်ဖြစ်တော့ကျောင်းနားရတယ်။ အဲဒါပြီးတော့ အာဏာသိမ်းတာနဲ့ ကျောင်းမထားဖြစ်ဘူး။ အိမ်မှာပဲစာသင်ပေးမယ် Home Schooling ရှိတယ်။ အင်္ဂလိပ်စာထားတယ်။ မနှစ်ကစပြီးတော့ သားကကျောင်းတက်ချင်တယ်ဆိုတာနဲ့အိမ်နားက ဘုန်ကြီးကျောင်းမှာ ထားတယ်။ အဲဒီမှာ placement test ဖြေရတော့ Grade 5 ရတယ်။ အခုကျောင်းထားဖို့လုပ်တော့ လွတ်သွားတဲ့အတန်းတွေအတွက်ပါ။ ထောက်ခံချက်တောင်းနေလို့ အခက်အခဲဖြစ်နေတယ်” ဟု ရန်ကုန်မြို့မှကျောင်းသားမိခင်တစ်ဦးက ပြောသည်။
လက်ရှိရွေးတုအစိုးရက ၂၀၂၁ မှ ၂၀၂၂ ခုနှစ်ထိ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေသော ကလေးများကိုကျောင်းပြန်တက်ခွင့်ရရင်လမ်းဖွင့်သော်လည်း ထောက်ခံစာ၊ အိမ်ထောင်စုစာရင်းအစရှိ သည့်စာရွက်စာတမ်းများဖြင့် ပြန်လည်ထိန်းချုပ်ထားသဖြင့် စစ်တပ်၏စေတနာမရှိမှုကပေါ်လွင်နေကြောင်း မိခင်တစ်ဦးက ဆိုသည်။
“ ကလေးတွေကိုတကယ်ကျောင်းတက်စေချင်တယ်ဆိုရင် ပညာတတ်စေချင်ရင် သူတို့နေထိုင်ရာနီးစပ်ရာကျောင်းမှာ ကျောင်းအပ်ခွင့်ပြုလိုက်ရုံပဲ။ ပြီးမှလိုအပ်တဲ့စာရွက်စာတမ်းတွေ နောက်မှတောင်းလို့ရတာပဲ။ အခုကကျောင်းအပ်နိုင်ဖို့ အိမ်ထောင်စုစာရင်းပြန်လုပ်နေရတယ်။ အဲဒီအတွက် လဝကမှာ ပေးရတဲ့ကုန်ကျစရိတ်တွေရှိတယ်။ မရှိတော့ချေးငှားရတာနဲ့ မိဘတွေအတော်ခက်ခဲတယ်” ဟု စစ်ဘေးရှောင်မိခင်တစ်ဦးက ပြောကြားသည်။
ကျောင်းပြင်ပကလေးများ ကျောင်းပြန်တက်ရောက်ခွင့်ရရေး placement test ဖြေဆိုခွင့်လျှောက်လွှာကို မြို့နယ်ပညာရေးမှူးရုံးများတွင် မေ ၂၂ မှစတင်ကာ ပိတ်ရက်မရှိထုတ်ယူကာ ဇွန်လ ၅ ရက်နေ့နောက်ဆုံးထားလျှောက်လွှာတင်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အခြေခံပညာမူလတန်းအဆင့် (Grade 2 မှ Grade 5) နှင့် အလယ်တန်းအဆင့် (Grade 6 မှ Grade 9) အထိ ကျောင်းနေရွယ်ကလေးများအတွက် Placement Test ကို ဇွန်လ ၁၅ ရက်မှ ၂၀ ရက်အတွင်းဆောင်ရွက်မည်ဖြစ်၍ ဇူလိုင် ၁ ရက်တွင် အောင်စာရင်းထုတ်ပြန်မည်ဖြစ်သည်။
ဓာတ်ပုံ – S&C အဖွဲ့၊ Nine Nine November၊ လူမှုကွန်ရက်