ဧရာဝတီတိုင်းမ်
(တမူး)၊ မေလ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် Non-CDM ကျောင်းဆရာ၊ ဆရာမအချို့သည် ပျူစောထီး ခေါင်းဆောင် များနှင့် ပူးပေါင်း၍ နှစ်လုံး၊ သုံးလုံး ချဲဒိုင်များလုပ်ကာ ရပ်ကွက်များအတွင်း ပေါ်တင် ရောင်းချလျက် ရှိကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ ချဲလက်မှတ်များကို ရောင်းချပြီးနောက် ချဲဖိုးအကြွေးမဆပ်သူများကိုလည်း တမူးမြို့ရှိ စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့ထံ တိုင်ကြား၍ အကြွေးတောင်းလေ့ ရှိကြောင်း သိရသည်။

“ပျူစောထီးတွေနဲ့ ပေါင်းပြီး ချဲဒိုင်တွေ ဖွင့်ကြတာပါ။ ချဲဖိုးမပေးရင် ပျူစောထီးတွေဆီ တိုင်တယ်။ ပျုစောထီးတွေကလည်း လက်နက်ခြိမ်းခြောက်ပြီး အကြွေးတွေ တောင်းတယ်”ဟု တမူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ အကြွေးတောင်းခံရာမှ ရရှိလာသည့် ငွေကြေးများကို ပျူစောထီးများနှင့် ကျောင်းဆရာ၊ ဆရာမ များအကြား တစ်ဝက်စီ ခွဲဝေကြကြောင်းလည်း သိရသည်။

ကျောင်းဆရာ၊ ဆရာမအချို့သည် ယခုနှစ် အစောပိုင်းကတည်းက ချဲဒိုင်လုပ်၍ ရောင်းချနေခြင်းဖြစ်ပြီး ၎င်းတို့သည် ကလေးငယ်များကို ပညာသင်ကြားပေးနေသူများ ဖြစ်သဖြင့် ယခုကဲ့သို့ ချဲရောင်းချ နေမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများလည်း ရှိနေသည်။

“ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေက အလောင်းကစားတွေလုပ်တယ်။ ပြီးရင် ပျူစောထီးတွေကို အကြွေးတွေ တောင်းခိုင်းတယ်။ လူအများ လေးစားရတဲ့ ဆရာ၊ ဆရာမကိုယ်တိုင်က လောင်းကစားတွေ လုပ်တာ အများအမြင် မသင့်တော်ဘူး” ဟု တမူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာလုအစိုးရ ထိန်းချုပ်ထားဆဲဖြစ်သည့် တမူးမြို့သည် လက်ရှိတွင် လောင်းကစားဝိုင်းများဖြင့် စည်ကားနေကြောင်း သိရသည်။

ရွေးတုအစိုးရစစ်တပ်နှင့် ပျူစောထီးများက ကိုယ်တိုင်ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ် ထားသလို ၎င်းတို့နှင့် လက်အောက်ခံရဲများကို အခွန်ဆောင်ကာ တရားဝင်သဖွယ် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများလည်း ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။