ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်းရွာရှိ ရွေးတုအစိုးရစစ်တပ်၏ အမြောက်တပ် အမတ-၃၄၄ တွင် တိုက်ပွဲများ ပြင်းထန်နေကာ စစ်တပ်ဘက်မှ တပ်သားအပြောင်းအရွှေ့ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ အမတ-၃၄၄ မှနေ၍ အင်အားအပြည့်ပါ စစ်ကား ၁၀ စီးကျော်သည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့တွင် ပုသိမ်ဘက်သို့ မောင်းနှင်သွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ပါဝင်သည့် စစ်ယာဉ်တန်းများကို ရေကြည်မှ ပုသိမ်အထိ မောင်းယူသွားပြီး စစ်အင်အားများလည်း ဆက်တိုက်ဖြည့်တင်းနေခြင်းဖြစ်သည်။
“ထိခိုက်သေဆုံး ဒဏ်ရာရတဲ့သူတွေအပြင်ကို သွေးသစ်လောင်းတယ်ဆိုပြီး စစ်မှုထမ်းလူသစ်တွေနဲ့ အစားထိုးဖို့ ပြန်ခေါ်ထုတ်တာလို့ ကြားတယ်။ ကားအစီးရေ တော်တော်များများ အမြောက်တပ်ဘက်ကို အဝင်အထွက်ရှိတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပြီးခဲ့သည့် မေ ၁၉ ရက်ကလည်း ရေကြည်အမြောက်တပ်အတွင်းသို့ အပို့ခံထားရသည့် ကျုံပျော် အခြေစိုက် ခလရ ၃၆ မှ ဒုတိယတပ်ရင်းမှူးတစ်ဦး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့သည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း အမြောက်တပ်အတွင်းမှ စစ်သားများ ထွက်ပြေးမှုရှိနေပြီး ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေရသည်။
ရေကြည်အမြောက်တပ် ၃၄၄ ကို ပြီးခဲ့သည့် မေ ၁၀ ရက်နေ့မှစကာ ရက္ခိုင့်တပ်တော် (AA) နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကာကင်းစခန်းအများစုကို သိမ်းယူ ကာ တပ်ရင်းတစ်ခုလုံးကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ပုံစာ-စစ်အုပ်စု၏စစ်ယာဉ်တန်း(ပုံဟောင်း)