ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၏ အာဏာသိမ်းမှုကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရသည်ဟုပြောသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်လာကြောင်း ထိုတပ်ဖွဲ့က ယနေ့ မေ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။
ရှမ်း(သျှမ်း)ပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာသို့ ယမန်နေ့ မေ ၂၇ ရက်၊ မနက် ၁၀ နာရီ ၅ မိနစ်ခန့်က ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရန် ရောက်ရှိနေသည့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့ကို တိုက်လေယာဉ် တစ်စင်းဖြင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ဟု ဖော်ပြချက်အရ သိရသည်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာတွင် စေတီထီးတော်တင်ပွဲ ပြုလုပ်အပြီး ထိန်းချုပ်နယ်မြေဒေသများအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံရန်အတွက် အဆိုပါဝမ့်နန်းကျေးရွာသို့ မေ ၂၆ ရက်ကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ယမန်နေ့ တစ်ရက်တည်း၌ပင် ခြောက်ကြိမ်တိုင် အနီးကပ်ပျံသန်းမှု ပြုလုပ်သွားကြောင်း သိရသည်။

ထိုတိုက်လေယာဉ် တစ်စီးသည်လည်း အာဏာသိမ်း ရွေးတုအစိုးရတပ် လက်အောက်ခံ နမ့်စန်လေတပ်မှဟု ယူဆရပြီး အစပိုင်းတွင် ကျေးရွာအထက် ဝေဟင်မှ ခပ်လှမ်းလှမ်း လှည့်ပတ်ပျံသန်းသော်လည်း နောက်ပိုင်း၌ တဖြည်းဖြည်းအနီးကပ် ချဉ်းကပ်ပျံသန်း၍ ခြိမ်းခြောက်မှု လက္ခဏာများကို ပြသသွားခဲ့သည်ဟု RCSS သတင်းဌာန Tai Freedom က ထုတ်ပြန်ဖော်ပြ ဆိုထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်စစ်က နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကိုထောက်ရှု၍လည်းကောင်း၊ ယခုခရီးစဉ်မှာ မိမိတို့ အုပ်ချုပ်ရေးနယ်မြေတွင်း ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်သာဖြစ်သည့်အတွက် မည်သည့်စစ်ရေးပြင်ဆင်ချက်မျှ ပြုလုပ်မထားခြင်းတို့ကြောင့် တစုံတရာ တုန့်ပြန်ခြင်းမရှိဟု ပြောသည်။
ထို့အပြင် ရွေးတုသမ္မတမှ ရက် (၁၀၀) ငြိမ်းချမ်းရေး စီမံချက်ကို တရား ဝင်ကမ်းလှမ်းထားသော်လည်း ဤကဲ့သို့ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် မကိုက်ညီသည့် လုပ်ရပ်များကြောင့် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်နားလည်မှုများကိုပါ ထိခိုက်ပျက်စီးစေနိုင်ဟု ၎င်းက ဆက်လက်ဆိုကြောင်း သိရသည်။
အလားတူ RCSS ပိုင်သတင်းဌာန Tai Freedom ၏ ဖော်ပြထားချက်အရ ရွေးတုအစိုးရဘက်က လေ့ကျင့်ပျံသန်းမှုဟု ပြန်လည်ချေပ ပြောထားသည်ကို ကြားသိရသော်လည်း မြေပြင်တွင် လေ့ကျင့်ပျံသန်းမှု ပုံသဏ္ဍာန်လုံးဝမရှိဘဲ တမင်သက်သက် ခြိမ်းခြောက်မှုပြသသော စော်ကားပျံသန်းမှု တရပ်ဟုဆိုသည်။
ယင်းမတိုင်မီ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် ရှမ်းအမျိုးသားနေ့တွင် လက်ရှိတိုင်းပြည်၌ မငြိမ်မသက်၊ အကျပ်အတည်းဖြစ်၍ ပြည်သူများ စစ်ဘေးရှောင်ရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးရခြင်း၊ နေအိမ်ရပ်ရွာ စွန့်ခွာရခြင်းတို့ ကြုံနေရမှုမှာ အာဏာသိမ်း ရွေးတုသမ္မတ တစ်ဦးတည်း၏ အတ္တ၊ မာန၊ လောဘ ကြီးမားခြင်းတို့ကြောင့် ဖြစ်ရကြောင်း ထည့်သွင်းပြောထားသည်။
ဓာတ်ပုံ – Tai Freedom